မြစ်ကြီးနားမြို့၌ ယခုတစ်ပတ်အတွင်းတွင် ပြည်တွင်းထွက် ကြက်သွန်နီဈေး စံချိန်တင်မြင့်တက်
မြစ်ကြီးနားမြို့၌ ယခုတစ်ပတ်အတွင်းတွင် ပြည်တွင်းထွက် ကြက်သွန်နီဈေး စံချိန်တင်မြင့်တက်
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၇
- မြစ်ကြီးနားမြို့၏ ကုန်ခြောက်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်းပြည်တွင်းထွက် ကြက်သွန်နီဈေးနှုန်းများ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း မြစ်ကြီးနားမြို့မဈေးကြီးအတွင်းမှ ကုန်စိမ်းကုန်ခြောက်ရောင်းဝယ်ရေး ပြုလုပ်သူများထံမှ သိရသည်။
- မြစ်ကြီးနားမြို့တွင် ရောင်းချနေသော ကြက်သွန်နီများကို မန္တလေးမြို့မှ အဓိကတင်သွင်းရောင်းချနေပြီး မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကြက်သွန်နီစိုက်ပျိုးချိန်က အခင်းများရေကြီးနှစ်မြုပ်ခဲ့သည့်အတွက် ကြက်သွန်နီ များရှားပါးပြီး ဝယ်ယူရန် အခက်အခဲများရှိနေခြင်းကြောင့် ထိုကဲ့သို့ဈေးတက်ရခြင်းဖြစ်ကြောင်း ရောင်းဝယ်ရေးပြုလုပ် သူများက သုံးသပ်ပြောဆိုသည်။
- ``ဒီတစ်ပတ်ထဲ ကြက်သွန်နီဝယ်ရင်းဈေး အတက်ဆုံးပဲ သုံးရက်လောက်တော့ရှိပြီ အဝယ်လည်း နဲလာတယ် အစ်မကတော့ မန္တလေးကတစ်ဆင့်ဝယ်ပြီး ရောင်းတာ ´´ဟု မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေးမှ မခိုင်ကပြောသည်။
- ကုန်စိမ်းကုန်ခြောက်ရောင်းဝယ်သူ ဒေါ်မေဇွန်က``ဗမာကြက်သွန်ဥက ပြန်ရောင်းဖို့ ကုန်သည်တွေ အနေနဲ့ လုံးဝဝယ်မရတဲ့ အခက်အခဲ ရှိနေတယ်။ ဒါကြောင့် အခုတရုတ်ဘက်ကဝင်တဲ့ ကြက်သွန်နီ ဥကြီးတွေ ရောင်းကြည့်တာ အကြိုက်နဲတယ်။ မဝယ်ကျဘူး အဝယ်မရှိသလောက်ပဲ ´´ဟု ပြောသည်။
- တရုတ်ပြည်ထွက် ကြက်သွန်နီများကို ကန်ပိုက်တည်လမ်းမှတစ်ဆင့် မြစ်ကြီးနားမြို့ရှိ ဈေးကွက်အတွင်းတွင် တစ်ပိဿလျှင် ၁၅၀၀ကျပ်နုန်းဖြင့် ရောင်းချနေသော်လည်း ဝယ်ယူသူ နည်းပါးပြီး စားသောက် ဆိုင်းများ၊ ပေါက်စီနှင့် စမူဆာပြုလုပ်သည့် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချသူများသာ ဝယ်ယူကြ၍ အိမ်တွင်း စားသုံးသူများအနေဖြင့် ဝယ်ယူမှု မရှိသလောက်နည်းပါးကြောင်း သိရသည်။
- ``ဒီလောက်ကြီးထိ ကြက်သွန်နီ တခါမှဈေးမကြီးဘူးဘူး ၂၅ကျပ်သားကို တစ်ထောင်နဲ့ဝယ်ရတယ် မထဲ့ရင် မဖြစ်တဲ့ဟင်းတွေလောက်မှာပဲ ဝယ်သုံးဖြစ်တော့တယ် ´´ဟု ဈေးလာဝယ်သူတစ်ဦးကပြောသည်။
- ယခင်နှစ်များတွင် မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ တင်ပို့ရောင်းချသည့် ကြက်သွန်နီ တစ်ပိဿလျှင် ၂၃၅၀မှ ၂၅၀၀ကျပ်အထိ ဝယ်ယူရောင်းချ လုပ်ကိုင်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်း ဈေးကွက်တွင် တစ်ပိဿလျှင် ၃၈၀၀ကျပ်နှင့်၄၀၀၀ ကျပ်ရောင်းချခဲ့ကြောင်း သိရပြီး ၊တရုတ်ပြည်ဘက်မှတင်သွင်းသည့် ကြက်သွန်နီမှာ တစ်ပိဿလျှင် ၁၅၀၀ ကျပ်ရောင်းချ နေပြီး ကြက်သွန်နီအခြောက်ကြော် တစ်ပိဿလျှင် ၇၀၀၀ကျပ်ရှိကြောင်းသိရသည်။
- ယခုလက်ရှိမှာ မြစ်ကြီးနားမြို့၌ ပြည်တွင်းထွက် ကြက်သွန်နီ ဈေးမှာ အလွန်မြင့်တက်နေသော်လည်း ကြက်သွန်ဖြူဈေးမှာ တစ်ပိဿလျှင် ၃၀၀၀ကျော် ရောင်းချခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်ပိဿလျှင် ၁၈၀၀ နှင့် ၂၀၀၀ခန့်သို့ ကျဆင်းနေ ကြောင်း သိရသည်။




Comments
Post a Comment