ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်
ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်
ဆောင်းပါး
EPN
မိုးကောင်း၊ အောက်တိုဘာ ၁၃
- ကချင်ပြည်နယ်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးက ကျောက်စိမ်းမြို့တော် ဟု သိကြသော ဖားကန့်မြို့သို့ ဝင်ထွက်သွားလာရာ ၁၉၉၀နှစ်များ ပတ်ဝန်းကျင်ကလွန်စွာမှ စည်ကားခဲ့သည့် "ကျောက်စိမ်း တံခါးဝ"ဖြစ်ခဲ့သော မြို့သည်ကုန်လွန်ခဲ့သော အချိန်များလောက် မစည်ကားနေသော်လဲ ယဉ်ကျေးမှုဓလေ့ များကတော့ဖြင့် ရှင်သန်နေဆဲဖြစ်သည်။
- ရေကြည်ရာ မြက်နုရာထွက်ခွာသွားကြသော်လည်း ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသော အချိန်များကို ဖြင့် ရောက်ရာနေရာမှ လွမ်းဆွတ်တသနေကြမြဲဖြစ်သည်။ ကချင်ပြည်နယ် မြို့နယ်တိုင်းတွင် လူမျိုး ဘာသာမတူပေါင်းစည်းနေထိုင်ကြပြီး သူ့ရိုးရာသူ့ဓလေ့ သူ့ပွဲတော်ဖြင့် ခမ်းနားစွာကျင်းပခြင်းများစွာ ရှိနေကြသော ပွဲတော်များအနက်မှမတူ ခမ်းနားသော မိုးကောင်းမြို့ သီတင်းကျွတ်ပွဲတော်အကြောင်း သိမှီ သမျှ လေ့လာမိသည်။
- မိုးကောင်းမြို့နယ်သည် ဘေးပတ်လည်တွင် တောင်တန်းများ ပတ်လည်ဝိုင်းရံထားပြီး ဒယ်အိုး ပုံသဏ္ဍာန်ပုံစံဖြစ်၍ မြေပြင်အနေအထားမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၀.၇၆၅ပေ အထက်တွင် တည်ရှိသည်။
- မိုးကောင်းမြို့နယ် တစ်ခုလုံးတွင် ပူအိုက်ရာသီဥတုဖြစ်ကာ ကျေးရွာအုပ်စု ၃၆အုပ်စု ရှိပြီး ကျေးရွာ ပေါင်း ၇၉ရွာဖြင့် ဖွဲ့စည်းထားသည်။ မိုးကောင်းမြို့သည် မြစ်ကြီးနား-ရွှေဘိုကြား ပြည်ထောင်စု လမ်းမကြီး ပေါ်၌ တည်ရှိကာ မြစ်ကြီးနားဘက်မှလာပါက မြို့အ၀င်တွင် မိုးကောင်းတံတားကြီးကို ခန့်ငြားစွာ တွေ့မြင် ရပေသည်။
- ယင်းမြို့တွင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး အဓိက စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြ၍ ကျောက်မျက်ရတနာရောင်းဝယ်ရေးကိုလည်း လုပ်ကိုင်ကြသည်။
- ထို မိုးကောင်းမြို့ကို ယခင်က မိန်းကောင်းဟု သျှမ်းဘာသာ စကားဖြင့်မှတ်တမ်းထားရှိပါသည်။ မိန်းသည် မြို့တော် ဟုအဓိပ္ပါယ်ရပြီး ကောင်းမှာ စည် ဟုအဓိပ္ပါယ် ရသဖြင့် မိန်းကောင်းသည် "စည်မြို့တော်" ဟုအဓိပ္ပါယ်ရသည်။ ကာလကြာ လာသောအခါ မိန်းကောင်းမှ မိုးကောင်းဟုခေါ်တွင် လာခြင်းဖြစ်သည်။ မိုးကောင်းမြို့ကို လေးကြိမ် လေးနေရာ ပြောင်း၍တည်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
- ရှေးလူကြီးများ၏ ပြောကြားချက်ဆက်စပ်ညှိနှိုင်းမှုအရ ပထမ မိုးကောင်းမြို့၏တည်နေရာမှာ ပူကမ်းမြို့ ခေါ်သော ကားမိုင်းမြို့ဖြစ်သည်။ ဒုတိယ မိုးကောင်းမြို့၏တည်နေရာမှာ ကားမိုင်းမြို့အနီး ပတ်လှော်နေရာဖြစ်သည် ဟုဆိုပါသည်။ တတိယ မိုးကောင်းမြို့၏တည်နေရာသည် ယခုမြို့ဟောင်းနေရာ ဖြစ်ပြီး၊ စော်ဘွားကြီး ခွန်ကောင်းဆိုင်း ကတည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာ “မိန်းကောင်းဆိုင်း”ဖြစ်သည်။ ကျောင်းကန် ပုထိုးများဖြင့်ထင်ရှားပြီး ဘာသာ သာသနာ ရောင်ဝါ ထွန်းလင်းခဲ့သည်။ စတုတ္ထ မိုးကောင်းမြို့ကို ကောဇာ(၁၁၅၃)ခုနှစ် နတ်တော်လဆန်း (၁၂)ရက်၊ အင်္ဂါနေ့ နံနက် အာရုဏ်တက် ချိန်တွင် မြို့ဟောင်း စော်ဘွားကြီး၏သား စောက်မောင်ဆိုင် မှနန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်း ဆုံရာတွင် မြို့စတင် တည်ခဲ့သည်။ “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟု မိုးကောင်းမြို့တည် ကောဇာ သက္ကရာဇ် (၁၁၅၃)ခုနှစ်ကို မှတ်သားရ လွယ်ကူစေရန် ရေးထိုးထားခဲ့သည်။ လက်ရှိမိုးကောင်းမြို့သည် စတုတ္ထမိုးကောင်းဖြစ်ပြီး မြို့သက်တမ်းမှာ နှစ်ရာကျော်ပြီဖြစ်သည်။
- မြို့တည်နန်းတည်တစ်ပါတည်း တည်ထားကိုးကွယ်ခဲ့သော "မြို့နာမ်စေတီ"သည် ယနေ့တိုင် မြို့လယ်တွင် သပ္ပါယ်စွာ တည်ရှိနေသည်။
- "မထိုးရာဇဝင် မတင်ကောဇာ ထိုမြို့ရွာ မြို့ရွာမဆိုအပ်" ဟူသောစကားအရ ရာဇဝင်သမိုင်း ရှည်လျားစွာ တည်ရှိနေသော မိုးကောင်းမြို့၏ သီတင်းကျွတ်သည်လည်း ခမ်းနားပါသည်။ ရှေးဘိုးဘွား လက်ထက်မှ လက်ဆင့်ကမ်းခဲ့သော နှစ်လိုဖွယ်ယနေ့တိုင်ဓလေ့မှာ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပြီး ချိန်မှစ၍ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ထိ တစ်မြို့နယ်လုံး ပါဝင်ဆင်နွှဲကြခြင်းဖြစ်သည်။ သီတင်းကျွတ်မြို့ပေါ် ကန်တော့ပထမနေ့တွင် မြို့ပေါ်ရှိ ဒါကာ/ဒါကာမများမှ ကျောင်းတိုက်(၂၂)တိုက်နှင့် စေတီကိုးဆူသို့ အုန်းငှက်ပျောပွဲများဖြင့် သွားရောက်ပူဇော်ကန်တော့ကြကာ ကျောင်းတိုက်တိုင်းမှ ပြန်လည် ဧည့်ခံသော အကျွေးအမွေးများကို အစုအဖွဲ့လိုက် ကန်တော့စားသောက်ကြသည်မှာ ပျော်စရာ အတိ ဖြစ်သည်။
- “ကချင်ပြည်နယ်မှာ မိုးကောင်းတစ်ခုပဲ ဒီလိုဓလေ့ရှိမယ်ထင်ပါတယ်။ ငယ်ငယ်ထဲကခုထိလည်း ကောင်းတုန်းဘဲ။ ငယ်တုန်းကသူငယ်ချင်းတွေနဲ့ လည်တယ်။ ခုတော့မိသားစုနဲ့ပေါ့ဗျာ။ ၇ ကျောင်း လောက်လည်းစားပြီးပြီ။ ထပ်လည်ဦးမှာပဲ။ အရမ်းပျော်စရာကောင်းတယ်" ဟု အလယ်ရပ်ကွက်နေ ကိုမိုးကျော်က ပြောသည်။
- ဖါးကန့်မြို့မှ ခေတ္တအလည်လာရောက်သော မသင်းသင်းလှိုင်ထွန်းမှလည်း "မိသားစုနဲ့ဘုန်းကြီး ကန်တော့ရင်း လျှောက်လည်စားနေတာလေ။ မောလွန်းလို့ခဏနားနေတာ။ အရမ်းပျော်စရာကောင်းတယ် နော်" ဟု ပြောသည်။
- ထို့ကြောင့် လပြည့်ကျော်တစ်ရက်နေ့သည် "မြို့ပေါ်ကန်တော့နေ့" ဟု ရှေးဘိုးဘွားလက်ထက်မှ စ၍ သတ်မှတ်ထားသည်။ ဝန်ထမ်းဘဝဖြင့် ပြောင်းရွှေ့ရင်းနယ်စုံခဲ့သော ဦးရဲရင့်မှ "ဒီတစ်ကျောင်း စားပီးရင် နောက်တစ်ကျောင်းသွားရင်လည်း ဒီအတိုင်းဘဲကျွေးတာဘဲလား။ ဘယ်သူကကျွေးတာလဲ။ ဘယ်မြို့မှာမှ မကြုံဘူးတဲ့ဓလေ့ဘဲ" ဟု အံ့သြစွာဖြင့် အမေးကို "ကြိုက်တဲ့ကျောင်းတက်စားပါဗျ။ ဒီလိုဘဲလာသမျှ အယုတ်အလတ်အမြတ်ကျွေးနေတာပါ။ သီတင်းကျွတ်မတိုင်ခင် တစ်လလောက်ထဲက သီတင်းကျွတ် ဘယ်ကျောင်းအကျွေးအမွေးအတွက်ပါရှင့်/ခင်ဗျာ အလှူခံကြတာ လှူတဲ့သူတွေကလဲ မငြူ စူဘဲ လှူကြပါတယ်ဗျ။ တစ်မြို့လုံးရဲ့ အလှူလေ" ဟု ပြန်ဖြေရလေသည်။
- လပြည့်ကျော်နှစ်ရက်နေ့ ဒုတိယနေ့တောကိုးရွာဖြစ်သော သံလမ်းအရှေ့(၄) ရွာသံလမ်းအနောက် (၅)ရွာမှ တပည့်ဒါကာ ဒါကာမများက မြို့ပေါ်ကျောင်းတိုက်များရှိ ဆရာတော်သံဃာတော်များကို လာရောက်ကန်တော့ကြကာ ကျောင်းတိုက်များမှလည်း အကျွေးအမွေးများဖြင့် ပြန်လည်ဧည့်ခံကြသည်။ ကျေးရွာများမှ ထော်လာဂျီ၊ တုန်ဖုန်း၊ ဆိုင်ကယ်၊ ကားများဖြင့် ရွာလုံးကျွတ်လာရောက်ကန်တော့ကြသည်။
- "ကားဆိုင်ကယ်တွေ မပေါ်ခင်တုန်းက ခြေလျင်တရွာလုံးအတန်းလိုက် လျှောက်လာကြတာဗျ။ ဘယ်လောက် ပျော်စရာကောင်းမလဲ စဉ်းစားသာကြည့်ပါဗျာ" ဟု အောင်မင်္ဂလာရွာမှ အကိုကြီးကဆိုသည်။
- ထို့ကြောင့် လပြည့်ကျော်နှစ်ရက်နေ့သည် "တောကိုးရွာကန်တော့နေ့"ဖြစ်သည်။ ကျောင်းတိုင်းမှာ တရားနာနိုင်ဖို့ နေနေသာသာ သီလတောင် ကျောင်းတိုင်းတက်မယူနိုင်ပါဘူးဗျာ။ ကန်တော့စရာ ကျောင်းကလဲများ။ ကျွေးတဲ့စားစရာအစုံလဲ စားချင်တော့တစ်ကျောင်းစားပြီးတစ်ကျောင်း သွားတာဘဲ" ဟု ရွာဘက်မှ လာကန်တော့သူ ဦးလွင်မျိုးမှ ဆိုသည်။
- လပြည့်ကျော်(၃) ရက်နေ့တွင် သံလမ်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၄)ရွာနှင့် သမိုင်းဝင်ရွှေဝက်တိုး ဘုရားသို့ မြို့ပေါ်မှ ကား၊ ဆိုင်ကယ်၊ ထောလာဂျီ၊ တုန်ဖုန်းစသည်တို့နှင့် အစုအဖွဲ့လိုက် သွားရောက် ကန်တော့ရင်း ကျေးရွာကျောင်းများမှ ကျွေးမွေးသော အစားအသောက်များကို တစ်ပျော်တစ်ပါး စားသုံး ကြကာ မိတ်သစ်ဆွေသစ် ရရှိသူများလည်း ရှိသည်။
- ထို့ကြောင့် လပြည့်ကျော်(၃)ရက်နေ့သည် "သံလမ်းအရှေ့ခြမ်းရွာကန်တော့နေ့"ဖြစ်သည်။ လပြည့် ကျော်(၄)ရက်နေ့သည် သံလမ်းအနောက်ခြမ်းကျေးရွာများနှင့် မိုးကောင်းမြို့ဟောင်းရှိ ဘုန်းတော်ကြီး ကျောင်းသို့ မြို့ထဲလူမကျန်ရစ်လောက်အောင် သွားရောက်ကန်တော့ကြရာ ကျေးရွာကျောင်းများမှ ကျွေးမွေးသော အစားအသောက်များကို တခုတ်တရစားသုံးကြသည်။
- မမေ့နိုင်ဖွယ်ရာ ရွာဟင်းထမင်းမှာ မျှစ်ချဉ်နှင့် ဝက်သား၊ ဘာလချောင်ကြော်၊ တောအုန်းဟင်းရည်၊ မယ်ဇလီဖူးဟင်းချိုရည်ဖြစ်သည်။ ထို့ကြောင့် လပြည့်ကျော်(၄)ရက်နေ့သည် "သံလမ်းအနောက်ခြမ်း ကျေးရွာများ ကန်တော့နေ့" ဖြစ်သည်။
- လပြည့်ကျော်(၅)ရက်နေ့ နောက်ဆုံးနေ့သည် တောရောမြို့ပေါ်ရှိ ဒါယိကာ/ဒါယိကာမများမှ ဝေဘူလတောင်ပေါ်ရှိ ဘုရားများကို ဖူးမျှော်ကန်တော့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ၁၃၇၉-ခု၊ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်၊ (၁၀.၁၀.၂၀၁၇) ဘုန်းကြီးကန်တော့ နောက်ဆုံးရက်ကို ဝေဘာရ ဝေဘူလတောင်တွင် တောရောမြို့ပါ ဘုရား၊ တရား၊ သံဃာကို ပူဇော်ကန်တော့ခြင်း၊ တောင်ခြေ ကျားဖြူတောရကျောင်း၊ အလိုတော်ပြည့်ဓါတ်ပေါင်းစုစေတီ၊ ပုလွေတောင်ရိုးတွင် တည်ထားသော ရွှေတိဂုံပုံတူဘုရား၊ တပ်ဦးကျောင်း၊ တောင်ပေါ်ရှိစေတီငယ်များ ဖူးမျှော်ကန်တော့ခြင်းကို မိသားစုလိုက်၊ အဖွဲ့လိုက် လာရောက်ကာ တစ်ပျော်တစ်ပါးတောင်ပေါ်တက်ရောက်၍ စေတနာရှင်များမှ ဧည့်ခံသော အာဟာရများကို စားသောက်ကာ တောင်ခြေတွင် အနားယူအပန်းဖြေပြီး တစ်နေ့တာကုန်ဆုံးစေပါသည်။
- တောင်ပေါ်တောင်ထိပ်က ကြည့်လိုက်လျှင်နှင်းမြူဝိုင်း၍ ရှုတိုင်းညိုမှောင်နေသော လွယ်ဂျယ် တောင်နှင့် နန့်ရင်းနန့်ကောင်းချောင်းသည် လွမ်းမောစရာအတိ။ မြစ်ချောင်းတို့ မည်သည့်အများအားဖြင့် မြောက်မှတောင်သို့ စီးဆင်းကြသော်လည်း နန့်ရင်းချောင်းကတော့ဖြင့် တောင်ဘက်မှမြောက်ဘက်သို့ စီးဆင်းလေသည်။ ထို့ကြောင့် ယဉ်ကျေးမှု ဓလေ့များကို ထိန်းသိမ်းကြရင်း ဤမည်သော မိုးကောင်းမြို့၌ ပြောင်းပြန်စီးသော ချောင်းတစ်စင်းရှိလေသည်ဟူ၍သာ တင်စားချင်ပါတော့သည်။
- ထို့ကြောင့် လပြည့်ကျော်(၅)ရက်နေ့ထိ ယနေ့ထက်တိုင် နှစ်လိုဖွယ်ဓလေ့ဆန်းနဲ့ မိုးကောင်းမြို့ သီတင်းကျွတ်ကို (၅)ရက်တိုင် အစဉ်အလာမပျက် အမွေဆက်ခံ ထိန်းသိမ်းကျင်းပလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပေသည်။






Comments
Post a Comment