ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး
ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး
EPN
မိုးကောင်း၊ စက်တင်ဘာ ၂၈
- စက်တင်ဘာ ၂၈နေ့တွင် ကျရောက်သောWorld Rabies Day(ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့) အထိမ်းအမှတ်အဖြစ် ခွေးရူးပြန်ရောဂါ(Rabies) ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာ ၂၈နေ့တွင် ကျရောက်သောWorld Rabies Day(ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့) အထိမ်းအမှတ် အဖြစ် စက်တင်ဘာလ နံနက်(၉)နာရီခန့်မှစ၍ ခွေးနှင့်ကြောင်များအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာဇော်နိုင်၊ ဒေါက်တာငွေစိုး၊ လက်ထောက်ကြီးကြပ် ရေးမှူး ကျော်စွာဝင်းတို့ဦးစီး၍ အခမဲ့ထိုးနှံပေးခဲ့သည်။
- "ကာကွယ်ဆေးအလုံး(၁၅၀)ထိုးပေးမှာပါ။ သုံးလသားကစပြီး ထိုးပေးမှာဖြစ်ပြီး တစ်နှစ်တစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်တွေအတွက်ကတော့ မှုတ်ပြောင်းအစရှိသဖြင့် ပစ္စည်းတွေ လိုအပ်နေသေးတာဖြစ်လို့ အိမ်မွေးခွေးနဲ့ကြောင်တွေဘဲ ထိုးပေးမှာပါ" ဟု ဦးစီးမှူး ဒေါက်တာဇော်နိုင်မှ ပြောသည်။
- ခွေးရူးပြန်ရောဂါ (Rabies) သည် ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးရှိသော တိရိစ္ဆာန်၏ တံတွေးမှတဆင့် ကူးစက်ပြီး ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါကြောင့် ၁၅မိနစ်လျှင် တစ်ဦးသေဆုံးနေ၍ ရောဂါဖြစ်ပွားသူ၏ ၄၀ရာခိုင်နှုန်းမှာ အသက် ၁၅နှစ်အောက်ကလေးငယ်များဖြစ်ပြီး ခွေးရူးပြန်ရောဂါဖြစ်ပွားသူများ၏ ၉၉ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်သည်။
- ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး လူ၏ဦးနှောက်ထဲသို့ ဝင်ရောက်ကူးစက်ပြီး ခွေးရူးပြန်လက္ခဏာ ပေါ်သည်နှင့် ချက်ချင်းသေဆုံးနိုင်ပါပြီး ခွေးရူးပြန်ရောဂါသည် ကုသ၍မရသော်လည်း လက္ခဏာမပေါ်မီ အချိန်မီကာကွယ်ဆေးထိုးနှံခြင်းဖြင့် ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း ခွေးအားလုံး၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ထိုဒေသရှိလူများအား ခွေးရူးပြန်ရောဂါကူးစက်နိုင်ခြင်းအား ဖြတ်တောက် ပေးနိုင်ပါကြောင်း ဦးစီးမှူးမှ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ရှင်းလင်းပြောကြားခဲ့သည်။









Comments
Post a Comment