“အထူးပြု အဆင့်မြင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီး မကြာမီစတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရ”
“အထူးပြု အဆင့်မြင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီး မကြာမီစတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရ”
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈
- မြစ်ကြီးနားမြို့၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီးဖွင့်လှစ်မည်ဖြစ်သော သင်တန်း၌ ပဲစင်းငုံ အထူးပြု တန်ဖိုးမြင့် အဆင့်မြင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများနှင့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် ပြုလုပ်သော စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကာ ရပ်ဝေးမှလာရောက်သင်ကြားကြမည့် သင်တန်းသား/သူများအတွက် နေထိုင်ရေးအတွက်နှင့် စားသောက်မှုအတွက် ဌာနမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
- ၄င်းသင်တန်းနှင့် ပတ်သက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဦးအောင်မောင်း ကပြောကြားရာတွင် “ဒီသင်တန်းကို ဖွင့်ရတာကတော့ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် ဒေသထွက်ကုန်တွေနဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ နည်းပညာရစေချင်တာကြောင့် ကျနော်တို့ ဖွင့်လှစ်ပေးဖို့ စီစဉ်ဖြစ်ခဲ့တာပါ။”ဟုဆိုသည်။
- မြစ်ကြီးနားမြို့၌ ယခုဖွင့်လှစ်မည့် သင်တန်းမှာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးဥပါဒ် အန္တရာယ်ကင်းသည့် တန်ဖိုးမြင့် ပဲစင်းငုံအခြေခံ စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး၊ သင်တန်းတွင် ပဲစင်းငုံကို အခြေခံ၍ ပဲကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှေကြည်၊ ဆနွင်းမကင်း၊ ပဲလမုန့်၊ တို့ဟူးခြောက်၊ ပူတင်း၊ ပဲခေါက်ဆွဲ၊ ပဲချောင်း၊ အချိုကြော်၊ အစပ်ကြော်၊ ပဲအာဟာရမှုန့်၊ ပဲဟင်းခတ်မှုန့်တို့ကို လက်တွေ့ ထုတ်လုပ်တတ်အောင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးနှင့် နည်းပြဆရာ/မများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အသေးစား စက်မှု၊လက်မှုလုပ်ငန်း ဦးစီးဌာနရုံး၌ ၄င်းဌာနနှင့် မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးမည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံတို့နှင့် ပြုလုပ်သော စားသောက်ကုန်များ ထုတ်လုပ်မှုနှင့် ပဲစင်းငုံ အထူးပြု တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်မှ (၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ရပ်နီး၊ ရပ်ဝေးမှ မည်သူမဆို အခမဲ့ လာရောက်သင်ကြားနိုင်ကြောင်း ၄င်းဌာနတာဝန်ရှိသူထံမှ သိရသည်။


Comments
Post a Comment