မြစ်ကြီးနားမြို့တွင်းရှိ ခွေးလေခွေးလွင့်များကို သုတ်သင်ရှင်းလင်းမည်
မြစ်ကြီးနားမြို့တွင်းရှိ ခွေးလေခွေးလွင့်များကို သုတ်သင်ရှင်းလင်းမည်
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၈
- မြစ်ကြီးနားမြို့ရှိ ပြည်ထောင်စုလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းနှစ်လမ်းပေါ်ရှိ ခွေးလေခွေးလွင့်များကို ယနေ့ ဒီဇင်ဘာ ၈ရက်နေ့ည ၉နာရီမှ ၁၁နာရီခွဲအတွင်းတွင် သုတ်သင်ရှင်းလင်းမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့(သန့်ရှင်းရေးဌာနစိတ်)မှ သိရသည်။
- ပြည်ထောင်စုလမ်းမကြီး (မြို့သစ်နာရီစင်မှ အောင်ဇေရန်အောင်ဘုရားထိ) ခွေးလေခွေးလွင့်များကို အစာချရှင်းလင်းမည်ဖြစ်ပြီး ဆွမ်ပရာဘွမ်လမ်းမကြီး (အံတော်ရှင်ကျောင်းမှစည်းလုံးခြင်းရုပ်ထုအထိ) ခွေးလေခွေး လွင့်များကို ၉ရက်နေ့ည အချိန်တွင် ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
- ``အထက်က ညွှန်ကြားချက်အရ ခွေးရူးတွေပေါလို့။ ကျောင်းသူကျောင်းသားတွေ၊ အန္တရာယ်ကင်းအောင်၊ ခွေးလေခွေးလွင့်တွေကို ဝင်တိုက်မိပြီး ဆိုင်ကယ်တွေလဲလို့ ဒီအချက်တွေကြောင့်ပါ။ အဆိပ်ဆေးထဲ့ထားတဲ့ အသားတုံး ချကျွေးပြီး တစ်ခါတည်းကောက်တင်ပြီး သုသာန်မှာသွားမြုပ်ပေးမှာ´ဟု မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့(သန့်ရှင်းရေးဌာနစိတ်)မှ ဒုဦးစီးမှုး ဦးအောင်နေစိုးကပြောသည်။
- အဆိုပါလမ်းနှစ်လမ်းပေါ်တွင် စည်ပင်သာယာအဖွဲ့မှ မိမိပိုင် အိမ်မွေးတိရိစ္ဆာန်များကို မိမိတို့၏ ခြံဝန်းအတွင်း ထိန်းသိမ်းထားရှိရေးအတွက် အသံချဲ့စက်ဖြင့်လိုက်လံအသိပေးခြင်းမျိုး ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၆ရက်နေ့က ရပ်ကွက်အုပ်ချပ်ရေးမှုးများကို အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
- ``တခြားမြို့တွေမှာ ခွေးကိုအဆိပ်ချသတ်တာမျိုးမကြားဖူးဘူး ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးပေးတယ် လို့ပဲကြားတယ် ဒီလောက် လုယက်မှုတွေပေါပြီး သူခိုးပေါများနေတဲ့အချိန်မှာ ခွေးတွေကိုဒီလိုမလုပ်သင့်ဘူး သူခိုးအားပေးလုပ်တယ်လို့ပဲမြင်တယ်´´ဟု မြေမြင့်ရပ်ကွက်မှ ဦးအောင်ကျော်စိုးကပြောသည်။
- ၂၀၁၇ မေလ၆ ရက်နေ့မှ၂၉ရက်နေ့အထိ မြစ်ကြီးနားမြို့ရှိ ရပ်ကွက် ၁၅ခုတွင် ၉ရက်ကြာ ခွေးလေခွေးလွင့်များကို အဆိပ်ချရှင်းလင်းရာ ခွေးအကောင်ပေါင်း ၁၃၇ကောင် ရှင်းလင်းခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
- ``ခွေးရူးပြန်ကာကွယ်ဆေးနဲ့ မျိုးပွားမှုကိုထိန်းချုပ်ဖို့ဆေးရှိပါတယ် ဒါပေမယ့်ကျွန်တော်တို့ဌာနအနေနဲ့ ဘတ်ဂျက်မရှိတာပါ´´ဟု မွေးမြုရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအေးမင်းဇော်ကပြောသည်။
- မြစ်ကြီးနား မြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးမှတ်တမ်းများအရ ၂၀၁၆တွင် ခွေးရူးပြန်ရောဂါကြောင့် လူနာ၇ယောက် ဆေးရုံတက်ရောက်ကုသခဲ့ပြီး သေဆုံးသူ ၃ယောက်ရှိကာ ယခုနှစ် မေလအထိ လာရောက်ကုသ သူ၆ယောက်ရှိပြီး သေဆုံးသူ ၁ယောက်ရှိကြောင်း သိရသည်။
- ပိုင်ရှင်မဲ့လမ်းဘေးခွေးလေခွေးလွင့်များအား အဆိပ်ချ သတ်ဖြတ်ရှင်းလင်းသည့် စနစ်ကို လုံးဝ အပြီး ပယ်ဖျက်ပေးရန်နှင့် နိုင်ငံတကာ တွင်အသုံးပြုနေသောမျိုးထိန်းစနစ်ဖြင့် ဆက်လက်ရှင်သန်ခွင့်ပြုပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်ပွဲ ကိုမြန်မာနိုင်ငံလုံးဆိုင်ရာတိရိစ္ဆာန်ညှဉ်းပန်း နှိပ်စက်မှု ကာကွယ် စောင့်ရှောက်ရေးကွန်ယက်မှဦးဆောင်ကာ ယခုနှစ်မေလ ၂၈တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထောင့်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။


Comments
Post a Comment