ကေအိုင်အိုမှ ဝင်ငွေခွန်လာရောက်ဆောင်ရန်  အကြောင်းကြားစာ ပေးပို့ထားသည်ဟုဆိုကာ ဒေသခံများ စိုးရိမ်
 
EPN
ဝိုင်းမော်၊ နိုဝင်ဘာ ၁၁

  • ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အိုမှ ဝိုင်းမော်မြို့ရှိ အရောင်းဆိုင်များကို ဝင်ငွေခွန်လာရောက်ပေးဆောင်ရန် အကြောင်းကြားစာများ ပေးပို့ထားသည် ဟုဆိုကာ ဒေသခံများ အနေဖြင့် စိုးရိမ်လျှက်ရှိနေကြောင်း ဝိုင်းမော်မြို့ရှိ ဒေသခံများထံမှ သိရသည်။
  • ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် လုပ်ငန်းရှင်များအား ကေအိုင်အိုအစိုးရထံသို့ ဝင်ငွေခွန်လာရောက် အခွန်ဆောင်နိုင်ရန် အကြောင်းကြားစာများတွင် အမည်နှင့် ဆိုင်လိပ်စာများကို လိပ်မူ၍ အောက်တိုဘာလကုန်ပိုင်းက ယင်းမြို့ရှိ အရောင်းဆိုင်များတွင် လူတစ်ဦးမှပေးပို့သွားကြောင်း သိရသည်။
  • "သူတို့အခွန်ဆောင်ဖို့အကြောင်းကြားစာပို့ထားတာဟုတ်တယ်။သူတို့နေရာ ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်မပါတော့ အခုစာလာပို့တဲ့သူနဲ့ ဘယ်လိုဆက်သွယ်အခွန်ဆောင်ရမှာလဲ။ဒါကို နိုင်ငံတော် အစိုးရ ကသူတို့နဲ့ဆက်သွယ်တာ သိပြန်ရင်လဲ ၁၇/၁ နဲ့အရေးယူခံရဦးမယ်"ဟု အကြောင်းကြားစာပေးပို့ခံရသော အမည်မဖော်လိုသူ  လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
  • အဆိုပါစာတွင် ခတ်ချိုတိုက်နယ် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို “ မိမိကေအိုင်အို အစိုးရထံသို့ ဝင်ငွေခွန် လာရောက်ဆောင်ရန်နှင့် သတင်းပေါက်ကြားခြင်း ဌာနဆိုင်ရာသို့ အကြောင်းကြား သတင်းပို့ခြင်း မပြုရ၊သတင်းပြန့်ပွားမှု ရှိပါက အရေးယူခံရမည်၊ဆက်သွယ်ရန်ဖုန်းနံပတ်....” ဟုပါရှိကြောင်း ယင်းစာပို့ခံရသည့် ဒေသခံအချို့ထံမှ သိရသည်။
  • ``ကျွန်တော်တို့ဆိုင်ကိုတော့ အဲ့ဒီစာမျိုး လာမဝေသေးဘူး ကျွန်တော့သူငယ်ချင်း တစ်ယောက်ရဲ့ဆိုင်မှာတော့ အခွန်ဆောင်ခိုင်းတဲ့ စာရွက်မှာသူ့နာမည်နဲ့ သူ့ဆိုင်နာမည်နဲ့  ရေးထားတယ် စာအိတ်တစ်အိတ်ရောပါတယ်  ဒီလိုအရောင်းအဝယ်တွေ အဆင်မပြေတဲ့အချိန်မှာ ကျွန်တော်တို့တွေ စိုးရိမ်စိတ်နဲ့ နေနေရတယ် ဒီလိုအခွန် လာဆောင်ခိုင်းတယ်ဆိုတာဒီမြို့မှာ ပထမဆုံးအကြိမ် ကြားဖူးတာပါ´´ဟု ဝိုင်းမော်မြို့နယ်ရှိ လျှပ်စစ် ပစ္စည်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
  • အတည်မပြုနိုင်သေးသည့် သတင်းများအရ ဝိုင်းမော်မြို့နယ်ရှိ ဆိုင်ပေါင်း၅၆ဆိုင်ကို အဆိုပါစာများ ဖြန့်ဝေထားပြီး ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ၏ ကားလမ်းမပေါ်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် အဆိုပါ အခွန်ကို လာဆောင်ခိုင်းကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 
  • အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကျော်စိုးက ``ဝင်ငွေခွန် လာဆောင်ဖို့ သတင်းအနေနဲ့ကတော့ ကြားတယ် တိတိကျကျ တော့မသိဘူး စခန်းကိုလည်း လာရောက်တိုင်ကြားသူ တစ်ယောက်မှ မရှိသေးပါဘူး။ စာရွက်အဝေခံရတဲ့ ဆိုင်တွေကလည်း ထုတ်ဖော်မပြောရဲတာကြောင့် ဖြစ်မယ်ထင်တယ်။´´ဟု ပြောသည်။
  • ``စာအတုလား အစစ်လားတော့ မသိဘူး ကျွန်တော်တို့အဖွဲ့အစည်းမှာ အခွန်ကောက်တာကကေအိုင်အို ကပဲကောက်တာလေ။ ကျနော်တို့လိုင်းမဟုတ်ဘူးဗျ။ ဆက်စပ်မှုမရှိဘူး ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းပေါ်မှာ ဘယ်လိုလုပ်တယ်ဆိုတာက အဓိကလေ ကျွန်တော်တို့ကို အခုလိုမေးလာရင် အထက်ကို ပြန်ထပ်မေးရတာမျိုးတွေ ရှိတယ် ဗာရီဖိုင်းလုပ်ပြီးမှပဲ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ပြောနိုင်မယ် တခါတလေက စာအတုနဲ့ ပိုက်ဆံလိုက်တောင်းစားတဲ့သူတွေလဲရှိတယ် အဲ့ဒီလူကို KIA ဝန်ထမ်းအဖွဲ့ကနေ လိုက်ဖမ်းရတာလဲရှိတယ် ဒါမျိုးတွေလည်းရှိတော့ ပြောဖို့ခက်တယ် အခုလောလောဆည်တော့ အဲ့ဒီဝိုင်းမော်က ကိစ္စမသိဘူး ´´ဟု မြစ်ကြီးနားမြို့ရှိ KIAဆက်ဆံရေးရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးဒေါင်ခါးကပြောသည်။
                                                        မီးမီး

Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်