မိုးညှင်း စစ်ရှောင် ပြည်သူများအား NLDပါတီ ဗဟိုအမျိုးသမီး ကော်မတီဥက္ကဋ္ဌလာရောက်ထောက်ပံ့
မိုးညှင်း စစ်ရှောင် ပြည်သူများအား NLDပါတီ ဗဟိုအမျိုးသမီး ကော်မတီဥက္ကဋ္ဌလာရောက်ထောက်ပံ့
EPN
မိုးညှင်း အောက်တိုဘာ ၆
- မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်ပြည်သူများအား တန်းသူအခွင့်အရေးရစေနိုင်ရန် အတွက် NLDပါတီ ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌက မိုးညှင်းမြို့သို့ အောက်တိုဘာ(၅)ရက်နေ့က လာရောက်ပြီး စစ်ဘေးတိမ်းရှောင်ပြည်သူများအား အားပေးစကားများပြောကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေ၀င်းမြင့်နှင့်အဖွဲ့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အလှူရှင်များနှင့် ရွှေစင်္ကြာကုမ္ပဏီတို့၏ ကူညီထောက်ပံ့မှုဖြင့် မိုးညှင်းမြို့ စစ်ရှောင်စခန်းရှိ တိုင်းရင်းသားများထံလာရောက်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
- ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဗဟိုအမျိုးသမီးကော်မတီနှင့် ကျန်းမာရေးကွန်ယက်တို့ကို စတင် ဖွဲ့စည်းခဲ့ပြီး တစ်လအကြာတွင် ကချင်ပြည်နယ် စစ်ဘေးတိမ်းရှောင်စခန်းသို့ ပထမအကြိမ်အဖြစ် လာရောက်ကာ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေ၀င်းမြင့် ကပြောသည်။
- “အဖွဲ့ချုပ်ရဲ့မူဝါဒကိုက တိုင်းရင်းသားတွေအားလုံးတန်းတူ အခွင့်အရေးရပြီး ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုး တိုးတက်ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ဖြစ်ပါတယ် တိုင်းရင်းသားတွေလူနည်းစုတွေ စစ်ဘေးရှောင်စခန်းမှာ ရှိတဲ့သူတွေကအစ တန်းသူအခွင့်အရေးရဖို့အတွက် ကျမတို့ခေါင်းဆောင်က စီစဉ်ထားတာ ဖြစ်ပါတယ်” ဟု ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌဒေါက်တာမေ၀င်းမြင့် ကပြောသည်။
- အဆိုပါ ထောက်ပံ့ပစ္စည်းများကိုရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့ မှော်နေ ကျေးရွာမှ နယ်မြေ မငြိမ်းချမ်းသဖြင့် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်သို့ ရောက်ရှိလာကြသော စစ်ရှောင် ပြည်သူ နှင့် မိုးညှင်းမြို့အရှေ့ဘက်မိုင်(၂၀)ခန့်ကွာဝေးသော ကျေးရွာများမှ အောင်သပြေ (၁)ရပ်ကွက်ရှိ စိန့်ပက်ထရိတ်ဘုရားကျောင်းသို့စစ်ဘေးတိမ်းရှောင်ခဲ့သူ စစ်ရှောင်ပြည်သူတို့အား လာရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။
- စစ်ရှောင်စခန်းများတွင် အမျိုးသမီးအများစုက စစ်ဘေးဒဏ် အခံရဆုံးဖြစ်နေသဖြင့် တိုင်းရင်းသား များအတွက် ဦးထိပ်ထားပြီး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောခဲ့သည်။
- မိုးညှင်းမြို့ အောင်သပြေ(၁)ရပ်ကွက် စိန်ပက်ထရိတ်ဘုရားကျောင်းသို့ ရောက်ရှိနေထိုင်ကြသော စစ်ဘေးတိမ်းရှောင်ပြည်သူ အိမ်ထောင်စု(၁၁)စု လူဦးရေ (၅၂)ဦး တို့အား ဆန်အိတ်(၁၁)အိတ်၊ စားဆီ(၁၁)ဗူး၊ ဗလာစာအုပ်(၁)ဒါဇင်နှင့် ဘောပင်(၁)ချောင်းပါ အထုပ်(၁၉)ထုပ် ခေါက်ဆွဲခြောက်(၁၃)ထုပ် ရှိုင်ရွယ်တီးမစ်(၁)ထုပ်၊ (၁)ထုပ်နှင့် ကလေးအ၀တ်၊ အမျိုးသမီးဝတ် အကြီးအသေး အင်္ကျီ(၃)ထည်ပါ အထုပ်(၁၁)ထုပ် ကျန်းမာရေးဆေးဝါးမျိုးစုံပါ အထုပ်(၁)ထုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
- တဆက်တည်း အုပ်ကျင်းရပ်ကွက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ လာရောက်သော စစ်ဘေး တိမ်းရှောင်ပြည်သူများမှာ အိမ်ထောင်စု(၂၀) လူဦးရေ (၉၀)ဦးတို့အား ဆန်(၂၀)အိတ်၊ စားဆီ(၂၀)ဗူး ဗလာစာအုပ်(၁)ဒါဇင် နှင့်ဘောပင်(၁)ချောင်းပါ အထုပ်(၉)ထုပ် ခေါက်ဆွဲခြောက် (၁၃)ထုပ် ရှိုင်ရွယ်တီးမစ် (၁)ထုပ်၊ ချိုချဉ်(၁)ထုပ်နှင့် ကလေးဝတ် အမျီုးသမီးဝတ်အင်္ကျီ အကြီးအသေး (၃) ထည်ပါ အထုပ်(၂၀)ထုပ် နှင့် ကျန်းမာရေးဆေးဝါးပစ္စည်းအစုံပါ(၁)ထုပ် တို့ကိုထောက်ပံ့လှူဒါန်းခဲ့ကြကြောင်းသိရသည်။
- အဆိုပါအဖွဲ့သည် အင်းတော်ကြီးဒေသရှိ စစ်ရှောင်စခန်းများသို့ ဆက်လက်သွားရောက် လှူဒါန်း ကြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီ မှ သိရသည်။










Comments
Post a Comment