KIA မှ မြစ်ကြီးနားနှင့် ပူတာအိုကြား တံတားဖျက်တောက်ခဲ့မှုနှင့် ပတ်သက်၍ အမြန်ဆုံးေ ဆာင်ရွက်ပေး ရန် ပြည်နယ်လွှတ်တော်သို့ အရေးကြီးအဆိုတင်
EPN
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၇
EPN
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၇
- ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကြားလမ်းပိုင်းရှိ တံတားများဖျက်ဆီးခဲ့သည့်နောက် ပူတာအိုဒေသအတွင်း ကုန်ဈေးနှုန်းများမြှင့်တက်ခဲ့သည့်အတွက် ယင်းလမ်းပိုင်းကို အမြန်ဆုံးပြုပြင်တည်ဆောက် ပေးရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုးကြီးအဆိုကို ကချင်ပြည်နယ် လွှတ်တော်သို့ ယနေ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့က ပူတာအိုမြို့နယ် မဲဆန္ဒအမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့ကြောင်း သိရသည်။
- အဆိုပါ လမ်းပြတ်တောက်မှုကြောင့် လက်ရှိ ပူတာအိုမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စက်သုံး ဆီနှင့် အခြားသော ကုန်ဈေးနုန်းမြှင့်တက်ခြင်းများဖြင့် ကြုံတွေ့နေရကြောင်း၊ ထို့အတွက် ကာလကြာသည် နှင့်အမျှ ဒေသခံပြည်သူလူထုအတွက် များစွာအခက်အခဲများနှင့် ကြုံတွေ့လာနိုင်သည့်အတွက် အရေးကြီးအဆိုကို တင်သွင်း ရခြင်းဖြစ်ကြောင်း အဆိုရှင် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က ပြောသည်။
- “ အဆိုပါ လမ်းပိုင်းဖျက်ဆီးမှုကြောင့် လမ်းလုပ်သားများသည်လည်း ပူတာအိုနဲ့ မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီတံတား ဖျက်ဆီးပြတ်တောက်မှုကြောင့် ဒုက္ခရောက်ကြတာဟာ လမ်းလုပ်သားများသာမဟုတ်ဘဲ ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံများမှာလည်း များစွာဒုက္ခခံနေရတယ်” ဟု ၎င်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။
- လက်ရှိမှာ ပူတာအိုဒေသတွင် ဓာတ်ဆီဈေးနှုန်းမှာ တစ်ပုံလင်းကို ကျပ်ငွေ သုံးထောင်မှ ငါးထောင်အထိရှိပြီး ဆန်ဈေးနုန်းများလည်း တစ်အိတ်ကို ငါးသောင်းအထက်ရှိကြောင်းနှင့် အခြားကုန် ပစ္စည်းဈေးနှုန်းမှာလည်း မြှင့်တက် လျက်ရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
- ပူတအိုခရိုင်အတွင်းရှိ မြို့နယ် ငါးခုမှ ဒေသခံများအတွက် အဓိက ကုန်သွယ်ရေးလမ်းကြောင်းမှာ မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းကြောင်း တစ်ခုတည်းသာ အားထားနေရသည့်အတွက် ၎င်းလမ်းပိုင်းကို အမြန်ဆုံး ပြုပြင်ပြီး သွားလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးသင့်ကြောင်း နောင်မွန်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ယင်းအဆိုကို ထောင်ခံဆွေးနွေးခဲ့သည်။
- အဆိုပါ အဆိုနှင့် ပတ်သက်၍ မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းအတွင်း ဖျက်ဆီးခဲ့သည့် လမ်းပိုင်းများကို အမြန်ဆုံးပြုပြင်ပေးပြီးလုံလုံခြုံခြုံနှင့် သွားလာနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် ကဖြေကြားခဲ့သည်။
- ယင်းအဆိုပါ အဆိုရှင်၏ သဘောထားအရ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်း အဝေး တတိယနေ့တွင် လွှတ်တော်၌ မှတ်တမ်းတင်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
- ကချင်ပြည်နယ်၊ ဆွမ်ဘရာဘွမ်မြို့အနီး မြစ်ကြီးနား-ဆွမ်ဘရာဘွမ်-ပူတာအိုလမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင်ဘေလီတံတားသို့ KIA အဖွဲ့များ ရောက်ရှိလာပြီး ချဉ်းကပ်လမ်းနှင့်တံတားပေါ်ရှိ ယာဉ်သွားလမ်း ၂၀ ပေခန့်အား တံတား ဆောက်လုပ်ရေးဆောင်ရွက်နေသော မန်းပြည်တံခွန်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်ဖြင့် ဖျက်ဆီးစေခြင်း၊ ဘက်ဟိုးယာဉ်၊ ကျောက်ခွဲစက် (၃) လုံးနှင့် မီးစက် ၁ လုံးတို့အား မီးရှို့ဖျက်ဆီးခြင်း၊ ဘိလပ်မြေဖျော်စက်(၁)လုံးနှင့် ကွန်ကရစ်ဖောက်စက်(၁)လုံးတို့အား ချောင်းအတွင်း သို့တွန်းချခြင်းများပြုလုပ်ခဲ့ကြောင်း၊ အလားတူ ဇနန်တံတားနှင့် (၁)မိုင်ခန့်အကွာရှိ သံဘောင်ဘေလီအမှတ် (၁/၁၁၀)ကို ဖျက်ဆီးခဲ့ကြောင်း ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။


Comments
Post a Comment