မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ
မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ
EPN
မိုးညှင်း၊ စက်တင်ဘာ ၉
- မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် ယခင်ထောင်ကျဖူးသူ အမျိုးသမီးတစ်ဦး၏ နေအိမ်မှ မူးယစ် ဆေးများတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
- အဆိုပါ အမျိုးသမီးမှာ မော်ဟန်ကျေးရွာ ဘူတာစုရပ်ကွက်နေ အသက်၄၉နှစ်ရှိ ဒေါ်စန်းစန်းအေး (ခ)ဒေါ်ဘုမဆိုသူဖြစ်ပြီး ၎င်း၏နေအိမ်တွင် စက်တင်ဘာလ ၈ရက်နေ့ ညနေ၂နာရီအချိန်က မူးယစ်ဆေး အလေးချိန်(၇၀၀)ဂရမ်ခန့် တွေ့ရှိခဲ့ကြောင်းသိရသည်။
- “ဒေါ်စန်းစန်းအေးက ထောင်ကထွက်လာတာ၆နှစ်လောက်ရှိပါပြီ သူ့ရဲ့မူးယစ်ဆေးရောင်းချတဲ့ သတင်းတွေကို တစ်ရွာလုံးသိကြပါတယ် အခုကလည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ က ၀င်ရောက်ဖမ်းဆီးခဲ့တာပါ” ဟု မော်ဟန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းကပြောသည်။
- အဆိုပါ ဖမ်းဆီးမှုတွင် မိုးညှင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ မော်ဟန်ရဲကင်းစခန်းမှ ရဲအုပ်စိုးဝင်း ဦးဆောင်သည့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများစုပေါင်းပြီး မော်ဟန်ဘူတာစုရပ်ကွက်ရှိ ဒေါ်စန်းစန်းအေး၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း ကြမ်းပြင်ပေါ် တွင် ပလပ်စတစ်အိတ်အကြည်ဖြင့် ထည့်ထားသောဘိန်းစိမ်း ဟု ယူဆသောအညိုရောင်အစေး (အစို) (၄၀၀) ဂရမ်ခန့်ပါ(၁)ထုပ်၊ (၂၀၀)ဂရမ်ခန့်ပါ(၁)ထုပ်၊ (၁၀၀)ဂရမ်ခန့်ပါ(၁)ထုပ် စုစုပေါင်းအလေးချိန် (၇၀၀)ဂရမ်ခန့် မြန်မာငွေစက္ကူ(၅၀၀၀)ကျပ်တန်(၆၀)ရွက်၊ ၅၀၀ကျပ်တန်(၇၅)ရွက် စုစုပေါင်း(၃၃၇၅၀၀) ကျပ်တို့အား တွေ့ရှိခဲ့ကြောင်းသိရသည်။
- “ဒေါ်စန်းစန်းအေးကိုစစ်ဆေးတဲ့အချိန်မှာ သူကနမ္မချီမှော်ဘက်ရောက်တုန်းက ကချင်အမျိုးသား တစ်ဦးထံမှာ ဘိန်းစိမ်း(၃)ထုပ်ကို ကျပ်(၁၀)သိန်းနဲ့ဝယ်ယူခဲ့တယ်လို့ ဖြေထားတယ်” ဟု အမှုစစ်ရဲအုပ် စိုးဝင်းက ပြောသည်။
- မူးယစ်ဆေးနှင့်အတူ တွေ့ရှိခဲ့သော ဒေါ်စန်းစန်းအေးအား မယ(ပ)၁၂၄ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)/ ၂၀(က)ဖြင့် မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

Comments
Post a Comment