မိုးညှင်းမြို့တွင် ယာဉ်မောင်းလိုင်စင်လျှောက်ထားသူများ ယခင်ကထက် ပိုများလာ
EPN
မိုးညှင်း၊ ဖေဖေါ်ဝါရီ ၇
EPN
မိုးညှင်း၊ ဖေဖေါ်ဝါရီ ၇
- ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများယခင်ကထက်ပိုများလာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံးမှ သိရသည်။
- ''ကျွန်တော်တို့ဆီမှာ ယာဉ်မောင်းလိုင်စင် လာလျှောက်သူတွေ အရင်ကထက်ပိုပြီးများလာပါတယ် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းတွေကို ပိုကြပ်မတ်လာတာကြောင့်ရယ် လိုင်စင်ရှိမှဆိုတဲ့ အသိလေးဝင်လာတာကြောင့်ရယ် နိုင်ငံတစ်ဝှမ်းစီးနင်းခွင့်ရှိတယ်ဆိုတာတွေကြောင့် ပိုများလာတယ်လို့ ယူဆရပါတယ်''ဟုအဆိုပါဌာနမှ စစ်ဆေးရေးမှူး ( ၂ )ဦးအောင်ဌေးက ဆိုသည်။
- ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများသည် ဌာနမှပို့ချသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းကိုရက်တိုတက်ရောက်သင်ယူရသည်ဟုသိရသည်။
- ''ဆိုင်ကယ်မောင်းဖို့ (က) လိုင်စင်လာလုပ်တာပါ သင်တန်းတက်ရတော့ အရင်က နားမလည်တဲ့ Road Signအမှတ်အသားတွေက ဘာကိုညွှန်ထားတယ်ဆိုတာသိလာရတယ် ပြီးတော့ လမ်းညွှန်အမှတ်အသားတွေမှာ အဝါရောင်က အန္တရာယ်၊ အနီရောင်က တားမြစ်ချက်၊ အပြာရောင်က အမိန့်ပေးတာကို ပြတယ်ဆိုတာကိုလည်း မှတ်သားရပါတယ်''ဟုအင်းတော်ကြီးရွာသစ်ကျေးရွာမကိုမောင်စိုးကပြောသည်။
- မိုးညှင်းခရိုင်ရှိ အထက်ပါရုံးမှ ထုတ်ပေးနေသည့် လိုင်စင်အမျိုးအစား ( ၉ )မျိုးရှိပြီး ( ဟ )လိုင်စင်သည် သုံးဘီးမောင်းရန်အတွက်ထုတ်ပေးသည့် လိုင်စင်ဖြစ်သော်လည်း ဆိုင်ကယ်ပါမောင်းနှင်ခွင့်ရှိကြောင်း စစ်ဆေးရေးမှူး (၃)ဦးထိန်လင်းထံမှသိရသည်။
- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မိုးညှင်းခရိုင်ရုံးတွင် ယာဉ်မောင်းလိုင်စင်များကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ပေးသည့်ပြင် လျှောက်ထားသူများပြားပါက အကြိမ်တိုး၍ ပြုလုပ်ပေးပြီး ယခုနှစ်ဖေဖော်ဝါရီ ပထမ ပတ်အထိ ( ၅ )ကြိမ်ပြုလုပ်ပေးပြီးဖြစ်ကြောင်းနှင့် တစ်ကြိမ်လျှင်ဦးရေ (၁၀၀) ကျော်ရှိကြောင်း သိရသည်။



Comments
Post a Comment