မြစ်ကြီးနားမြို့ကျောင်းနားဝင်းကျင်တွင် မူးယစ်ဆေးသုံးသူများမှ ဆေးထိုးအပ်များ စည်းကမ်းမဲ့ လာပစ်ခြင်း ကြောင့် အုတ်တံတိုင်းခတ်ရန် အရေးတကြီးလိုဟုဆို
မြစ်ကြီးနားမြို့ကျောင်းနားဝင်းကျင်တွင် မူးယစ်ဆေးသုံးသူများမှ ဆေးထိုးအပ်များ စည်းကမ်းမဲ့ လာပစ်ခြင်း ကြောင့် အုတ်တံတိုင်းခတ်ရန် အရေးတကြီးလိုဟုဆို
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၀
- မြစ်ကြီးနားမြို့ ကျွန်းပင်သာ ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းအနီးဝန်း ကျင်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ရှိနေပြီး ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းအတွင်းသို့ ၎င်းတို့သုံးစွဲထားပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်များနှင့် အခြားဆက်စပ်ပစ္စည်းများကို စည်းကမ်းမဲ့လာရောက်စွန့်ပစ်ထားခြင်းများ ရှိနေခြင်းကြောင့် အုတ်တံတိုင်းခတ်ရန် အရေးတကြီး လိုအပ်နေကြောင်း ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာဝင်းက ပြောသည်။
- "ကျမတို့ကျောင်းအနီးအနား ပတ်ဝန်းကျင်မှာ ဆေးသုံးတဲ့သူတွေရှိတယ်။ ဆေးသမားတွေက သူတို့သုံးပြီးသား ဆေးထိုးအပ်နဲ့ တခြားပစ္စည်းတွေကို ကျောင်းနားမှာနဲ့ ကျောင်းဝန်းထဲတွေမှာ လာပစ်ထားတာ တွေရှိတယ်။ ဒါကြောင့် ကလေးတွေကို ဆေးထိုးအပ်စူးမိတာတို့ဘာတို့နဲ့ တခြားအရာတွေလဲ စိုးရိမ်ရလို့ ကျောင်းလုံခြုံရေးနဲ့ ကလေးတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေးအတွက် အရေးအကြီးဆုံးက ကျောင်းအုတ်တံတိုင်း ခတ်ဖို့ အမြန်ဆုံးလိုအပ်နေပါတယ်" ဟု ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။
- အဆိုပါ ကျောင်းဝင်းကို အုတ်တံတိုင်းဖြင့် ဝန်းရံခတ်ထားခြင်းမရှိသောကြောင့် ကျောင်းနေကလေး များအတွက် လုံခြံမှုမရှိခြင်း၊ ပတ်ဝန်ကျင်းများမှ ကျောင်းပတ်ဝန်းကျင်တစ်လျှောက်၌ စည်းကမ်းမဲ့ အမှိုက်များ လာရောက်စွန့်ပစ်မှုများလည်း ရှိနေမှုကြောင့် ကျောင်းသူ/ သားများ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်း ရေး အတွက် ကျောင်းဝင်းလုံခြုံမှု ရှိရန်အတွက် လက်ရှိခတ်ထားသော ခြံစည်းရိုးများကို ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။
- "ကျနော်တို့ ဒီကျောင်းဟာ အရင်ကဆို တော်တော်လေးကို အခြေအနေဆိုးဝါး ပါတယ်။ ခြံစည်းရိုးတွေလဲ ပေါက်ပြဲနေတော့ ကျောင်းလုံခြုံရေးအတွက် မကောင်းဘူးပေါ့။ သံဆူးကြိုးတွေ ပြုတ်ကျတော့ ကလေးတွေ ဖြတ်သွားဖြတ်လာနဲ့ ထိမိခိုက်မိတာလဲ ရှိခဲ့ပါတယ်။ အခုမှ ဆရာမကြီးရဲ့ ကြိုးစားမှုကြောင့် စည်းရိုးတော့ နဲနဲလုံလာပါပြီ။ ဒါပေမဲ့ အုတ်တံတိုင်းက လေးဖက်လုံးမပြည့်သေးလို့ လိုနေပါသေးတယ်။ စာသင်ခန်းထဲမှာလဲ စာရေးစားပွဲနဲ့ခုံတွေ လိုအပ်နေပါသေးတယ်။ လိုအပ်ချက်တွေ အများကြီးရှိနေသေးတဲ့ ကျနော်တို့ကျောင်းကို ကျောင်းကော်မတီနဲ့ ကျောင်းသားမိဘတွေအနေနဲ့ ဆရာမကြီးတို့နဲ့ ပူးပေါင်းတိုင်ပင်ပြီး ကူညီဆောင်ရွက် ပေးကြပါလို့ ပြောချင်ပါတယ်။" ဟု ကျွန်းပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းလှဒင်က ပြောကြားသည်။
- ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေအများဆုံးမှာ လူငယ်လူလတ်ပိုင်းများတွင် အများဆုံး အသုံးစွဲကြပြီး မြစ်ကြီးနားမြို့တွင်းရှိ ရပ်ကွက်တွင်း လမ်းကြားများ၌ ဆေးထိုးအပ်များကိုလည်း နေ့စဉ်တွေ့ရေကြောင်း မြို့နေဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
- ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ယခင်နှစ် ထက်တိုးလာပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အမှုကြီး စုစုပေါင်း ၁၅၇ မှု၊ အခြေားအမှု ၁၈၀၈ မှု၊ ကြိုတင်ကာကွယ်မှု ၃၀၇၀ မှု၊ ယစ်မျိုး ၉၈ မှုနှင့် မူးယစ်မှု ၁၈၁၄ မှု ဖမ်းဆီးရမိနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝင်းအတွင်းနှင့် ကချင်ပြည်နယ်အတွင်း မြို့ရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တားဆီးနှိမ်နှင်ရေးကို ထိရောက်သော မူနှင့် စီမံချက်များဖြင့် အမြန်ဆုံးဆောင်ပေးရန် အဆိုကို ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က အတည်ပြု ဆွေးနွေးခဲ့သည်။

Comments
Post a Comment