မိုးညှင်းမြို့ရှိ အမျိုးသမီးဆိုင်ကယ်ဈေးသည်များ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေ
မိုးညှင်းမြို့ရှိ အမျိုးသမီးဆိုင်ကယ်ဈေးသည်များ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေ
EPN
မိုးညှင်း ဇန်နဝါရီ ၂၀
- ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဆိုင်ကယ်များဖြင့် လှည့်လည်ဈေးရောင်းနေကြ သော အမျိုးသမီးအများစုသည် လုပ်ငန်းအဆင်ပြေ၍ မိသားစုကို ထောက်ပံ့ပေးနိုင်ကြောင်း အဆိုပါ အမျိုးသမီးများထံမှသိရသည်။
- ''အမအမျိုးသား ဆုံးပြီးကတည်းက ဈေးရောင်းလာတာ ခုဆို ၃နှစ်ရှိပြီ၊ နားရက်ရယ်လို့ သိပ်မရှိပဲ ဈေးရောင်း လာတာအကြီးဆုံးသားက ဘွဲ့ရပြီးပြီl သားတစ်ယောက်က ဆယ်တန်း သမီးငယ်က ရှစ်တန်း ၊ ဈေးရောင်းတဲ့ အလုပ်နဲ့ပဲ ကျောင်းထားရတာ၊ စားတာဝတ်တာလည်း သည်အထဲကပဲ ၊အမတို့ အဆင်ပြေပါတယ်'' ဟု ဆိုင်ကယ်ဈေးသည်တစ်ဦးဖြစ်သောဒေါ်နုနုထွေးက ဆိုသည်။
- မိုးညှင်းမြို့ နားခါတောင် ရပ်ကွက် မြို့မစည်ပင်သာယာရေးဈေးကြီး ဝန်းကျင်နှင့် ဘူတာသွားလမ်း တစ်လျှောက်တွင် ရောင်းချနေသည့် မိုးမလင်းဈေးတွင်ဝယ်ယူပြီး မြို့စွန်ရပ်ကွက်များနှင့် မနီးမဝေးကျေးရွာများသို့ သွားရောက်ရောင်းချရာတွင် လက်ငင်းအားပေးသူများရှိသကဲ့သို့ အကြွေးဝယ် ယူသူများ လည်းရှိသည်ဟု သိရသည်။
- '' ကျွန်မ ဈေးရောင်းလာတာ ၇ နှစ်ရှိပြီ၊ စက်ဘီးနဲ့ရောင်းတာ ၃ နှစ် ၊အခုဆိုင်ကယ်နဲ့ ရောင်းတာ ၄ နှစ်ရှိပြီ၊ စုမိဆောင်းမိရှိတယ်ဆိုတော့ အဆင်ပြေတယ်လို့ ပြောရမှာပဲ၊ အကြွေးကျတာတော့ ရှိတာပေါ့ ၊ ဈေးသည်တိုင်း မကင်းပါဘူး၊ ပေးတော့လည်း ရတာပေါ့l မပေးတော့လည်း အလှူလို့ သဘောထားလိုက် တာပါပဲ'' ဟုသားသမီး ၃ဦးအား ဦးဆောင်ရှာဖွေကျွေးမွေးနေသူ မခင်ချိုဦးက ဆိုသည်။
- အဆိုပါ မိုးမလင်းဈေးတွင် ကုန်စိမ်းကုန်ခြောက် သားငါးမျိုးစုံl မုန့်ပဲသွားရည်စာများနှင့် ဒေသထွက် သီးနှံမျိုးစုံ တို့ကိုလက်လီလက်ကား ရောင်းချနေ၍ ဝယ်ယူရသည်မှာလည်း အဆင်ပြေသည်ဟုသိရသည်။
- ''မနက်မိုးမလင်းဈေးမှာ လိုချင်တာ အကုန်ရတယ်၊ ဈေးကြီးဖွင့်တဲ့အထိစောင့်စရာမလိုတော့ စောစော ဝယ်ပြီး စောစောရောင်းရုံပဲ၊ ကျွန်မကတော့ နောင်စွန်းနဲ့မိုးဒါးစု ရွာသစ်ကုန်းတွေဘက် သွားပါတယ်၊ ဈေးရောင်းလာတာ ၄နှစ်ရှိပြီ၊ မနှစ်ကတော့ တိုက်လေးတစ်လုံးဆောက်နိုင်ပြီ၊ သည်ကရတဲ့ ပိုက်ဆံချည်းတော့ မဟုတ်ပါဘူး၊ အမျိုးသားရဲ့ လစာတွေနဲ့စုဆောင်းပြီး ဆောက်ဖြစ်တာပါ'' ဟု ဆိုင်ကယ်ဈေးသည်တစ်ဦးဖြစ်သူ မခိုင်လေးက ပြောသည်။
- အဆိုပါ ဆိုင်ကယ်များဖြင့် လှည့်လည်ဈေးရောင်းဝယ်မှုကြောင့် စားသူမိသာစုများ အနေဖြင့် ဈေးတန်းသို့ သွား၍ သွားထွက်ဝယ်စရာမလိုအပ်သည့် အတွက် အဆင်ပြေကြောင်း၊။ တစ်မနက်ကို ဈေးသည်များက ကျပ်ငွေ နှစ်သောင်းများက ကျပ်ငွေနှစ်သောင်းမှ သုံးသောင်းအထိရရှိကြကြောင်းသိရသည်။
- မိုးညှင်းမြို့ရှိ မိုးမလင်းဈေးသည် နံနက်အရုဏ်မတက်မှီမှစ၍ စည်ကားနေတတ်ပြီး၎င်းဈေး တွင် ဆိုင်ကယ်ဈေးသည် အယောက် ၃၀ ကျော်တို့ လာရောက်ဝယ်ယူကြကာ ဆိုင်ကယ်ဈေးသည်၏၉၀ ရာနှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။



Comments
Post a Comment