နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို မြစ်ကြီးနားဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို မြစ်ကြီးနားဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉
- ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်လူနာများကို မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ လာမည့်၂၀၁၈ခု၊ ဇန်နဝါရီလ၊ (၁၁)ရက်မှ(၁၄)ရက်အထိ မန္တလေး သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ခွဲစိတ်အထူးကု ပါမောက္ခ ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့် ကချင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်း၊ လည်ချောင်းဌာနတို့ ပူးပေါင်းကာ (၄)ရက်ကြာ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
- အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှုတွင် ကုသမှုခံယူရန် သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် စာရင်းပေးသွင်းထားသူ အရေအတွက် (၆၀)ကျော်ခန့်ရှိသည်ဟု ဆိုသည်။
- “ကချင်ပြည်နယ်ထဲက ခရိုင်လေးခရိုင်လုံးက ဒီဝေဒနာရှင်တွေထဲက ကုသချင်လို့ စာရင်းပေးထားတဲ့သူတွေ အားလုံးပါမယ်။ ကျနော် သိသလောက်ဆိုရင် အယောက်(၆၀)ကျော်ရှိတယ်လို့ ပြောတယ်။ မန္တလေးက သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်က ပါမောက္ခ ဆရာဝန်ကြီးတွေလာမယ်။ ကျနော်တို့ ဆေးရုံမှာ ခွဲမယ်၊ ခွဲပြီးရင်နေဖို့ နေရာထိုင်ခင်းကို စီစဉ်ပေးထားမယ်။ ဆေးဝါးတွေကတော့ သူတို့တွေ ယူလာမယ်။ လူနာ တွေအတွက် လိုအပ်တာတွေကိုတော့ ဒီက မိခင်နဲ့ကလေး နဲ့အမျိုးသမီးရေးရာအဖွဲ့တွေက ကူညီမယ်။ တခြားစားတာသောက်တာကတော့ လူမှုရေးအသင်းအဖွဲ့တွေက ဝိုင်းကူညီကြမှာပါ။ အစီအစဉ် အသေးစိတ်အတွက်ကိုတော့ ဇန်နဝါရီလဆန်းပိုင်းမှာ အစည်းအဝေး ထပ်ခေါ်ရပါဦးမယ်။”ဟု မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖုန်းမော် ကပြောသည်။
- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို ယခင်ကလည်း အခမဲ့ခွဲစိတ်ကုသပေးမှုများရှိခဲ့ပြီး၊ ယခုအကြိမ်တွင်လည်း စာရင်းသွင်းထားသူ (၆၀)ကျော်ရှိနေပြီး၊ ဇန်နဝါရီလ (၁၁)ရက်၌စတင်ခွဲစိတ်ကုသပေးမည်ဖြစ်ခြင်းကြောင့် ကြိုတင်ပြင်ဆင် ရမည်ဖြစ်သော ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများနှင့် ခွဲစိတ်ကုသမှုခံယူရန်အတွက် သွေးစစ်ခြင်းများကို ပြုလုပ်ရမည်ဖြစ်ခြင်းကြောင့် လူနာများအနေနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ကြိုတင်လာရောက် ဆက်သွယ်ရန်လိုကြောင်း ဆေးရုံအုပ်ကြီးမှ ဆက်လက်ပြောကြားသည်။
- “ခွဲစိတ်မှုတစ်ခုလုပ်ဖို့ဆိုတာ သူ့ရဲ့ကျန်းမာရေး ပုံမှန်ရှိမရှိစစ်ဆေးရမယ်။ ခွဲစိတ်မှုခံယူလို့ရ၊မရ အခြားသွေးစစ်တာတို့ ဘာတို့ရှိသေးတယ်။ ဒါကြောင့် စာရင်းပေးထားတဲ့သူတွေက ဒီကို သုံးလေးရက်လောက်တော့ ကြိုလာရလိမ့်မယ်။ (၁၁)ရက် စခွဲမယ်ဆိုတော့ (၉)ရက်နေ့လောက် အရောက်လာရမယ်။” ဟု ဒေါက်တာဖုန်းမော် ကဆက်လက် ပြောကြားသည်။
- ယခုကဲ့သို့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးမှု အစီအစဉ်များကို ယခင်ကလည်း ခွဲစိတ်ကုသပေးခြင်းများရှိခဲ့ဖူးပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ခွဲစိတ်ကုသပေးမှုဖြစ်သည်ဟု သိရသည်။ ကချင်ပြည်နယ်အတွင်းရှိ အဆိုပါ ဝေဒနာရှင်လူနာများကို ဂျပန်ဟတ်အဖွဲ့၊ တပ်မတော် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ အိန္ဒိယနိုင်ငံမှ စမိုင်းထရိန်းအဖွဲ့တို့မှ အခမဲ့လာရောက် ခွဲစိတ်ကုသပေးခဲ့ဖူးပြီး ယခုခွဲစိတ်မှုသည် ပြည်တွင်းမှ ဆရာဝန် ပါမောက္ခကြီးများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ဖြစ်ကြီးနား ဆေးရုံကြီးတို့မှ ပူးပေါင်းခွဲစိတ်ပေးမှု ဖြစ်ကြောင်း သိရသည်။

Comments
Post a Comment