ချီဖွေဒေသခံများ လျှပ်စစ်မီးပြတ်တောက်မည်ကို စိုးရိမ်လျှက်ရှိ
ချီဖွေဒေသခံများ လျှပ်စစ်မီးပြတ်တောက်မည်ကို စိုးရိမ်လျှက်ရှိ
EPN
ချီဖွေ၊ ဒီဇင်ဘာ ၃၀
- ချီဖွေမြို့နယ်၊ နန်းဦးကျေးရွာ၌ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားရှိပြီး ၂၀၁၃ ခု၊ နိုဝင်ဘာလ မှစ၍ မြို့ပေါ်မီးလင်းရေးအတွက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ မြစ်ကြီးနား-ချီဖွေ သွားကားလမ်း ဖောက်လုပ်မှု လုပ်ငန်းစတင်ချိန်ဖြစ်သော ၂၀၁၆ ခု၊ နိုဝင်ဘာလမှစ၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။
- ချီဖွေဒေသ တဝိုက်တွင် ရာသီဥတုဆိုးရွားမှု၊ မကြာခဏ မြေပြိုမှုနှင့် အခြားသော သဘာဝဘေးများကြောင့် လျှပ်စစ်မီး မကြာခဏ ပျက်တတ်သည့်အတွက် “ဆန်းလင်း” ကုမ္ပဏီမှ မကြာခဏပင် ဝင်ရောက်ကူညီကာ လျှပ်စစ်မီး ဖြန့်ဝေပေးနေရပြီး၊ နောက်နောင် အချိန်များတွင် မီးထပ်မံပြတ်တော်မှု ဖြစ်မည်ကို ဒေသခံများက စိုးရိမ်ပူပန်လျှက် ရှိကြောင်း သိရသည်။
- “ကျနော်တို့ ချီဖွေမြို့မှာက မြေပြိုတာနဲ့ မိုးများတာနဲ့ ခဏခဏ မီးပျက်တတ်တယ်။ မီးပျက်တိုင်းလဲ “ဆန်းလင်း” ကုမ္ပဏီက ပေးနေလို့ မီးရနေတာ၊ မဟုတ်ရင်တော့ မလွယ်ဘူး။ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံတော့ ရှိပေမဲ့ အလကားပဲ၊ ဒေသဖွံ့ဖြိုးရေးအတွက် မပြောနဲ့၊ မြို့ထဲမှာ မီးရဖို့အတွက်တောင် စိတ်ချလက်ချ အားကိုးလို့မရဘူး။ မီးပျက်မှာကို စိုးရိမ်နေ ကြတယ်။ မီးမပျက်ဖို့ကိုပဲ ဆုတောင်းနေရတယ်။ ဒါကြောင့် ကျနော်တို့ ချီဖွေမြို့ကလူတွေက နောက်နောင်များ မီးပျက်ခဲ့ရင် “ဆန်းလင်း” ကုမ္ပဏီက မီးမပေးနိုင်တော့မှာ အရမ်းစိုးရိမ်နေကြတယ်။”ဟု ချီဖွေမြို့ခံပြည်သူ ဦးဘောမ်ယိန်း ကပြောသည်။
- ချီဖွေမြို့၌ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုဖြစ်ပါက“ဆန်းလင်း”ကုမ္ပဏီမှလောင်စာဆီ သုံး မီးစက်ဖြင့် မီးပေးခဲ့ရပြီး၊ ပြန်လည်ကောက်ခံရရှိသော မီတာခနှုန်းထားမှာ တစ်ယူနစ်လျှင် (၁၄၅)ကျပ်သာ ပြန်လည် ကောက်ခံရရှိရာ အဆုံးရှုံးခံကာ ဓါတ်အားဖြန့်ဖြူးပေးနေသော်လည်း မီးပြတ်တောက်မှု အချိန်ကြာမြင့် လာသည် နှင့်အမျှ ကုမ္ပဏီမှ ဝန်ထမ်းထောက်ပံ့ကြေးနှင့် လောင်စာဆီ ဝယ်ယူရန် အခက်အခဲများဖြစ်ပေါ်လာပြီး အဆင်မပြေမှုများ ရှိနေ ကြောင်း သိရသည်။
- “ကျနော်တို့လဲ မီးပြတ်တာနဲ့ မြို့နေလူထု မီးလင်းဖို့အတွက်ကို အားစိုက်ပြီး ကြိုးစားပေးနေပါတယ်။ အရှုံးခံပြီးမှကို မီးပေးနေတာပါ။ ဒါပေမဲ့လဲ မီးပြတ်တဲ့အချိန်ကြာလာတာနဲ့အမျှ ကုမ္ပဏီမှာ ဝန်ထမ်းစရိတ်စကတွေနဲ့ လောင်စာဆီဖိုးနဲ့ စက်ပြင်စရိတ်ကုန်ကျတာတွေနဲ့ဆိုတော့ အဆင်မပြေတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ချီဖွေမြို့နယ် အုပ်ချုပ်ရေးမှူးကို လိပ်မူပြီး ကျနော်တို့ကုမ္ပဏီရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင်လို့ တင်ပြအကူအညီတောင်းထားပါတယ်။ အဆင်ပြေ မယ်ဆိုရင်တော့ နောက်နောင်များမှာလဲ မီးပြတ်တဲ့အချိန်တွေမှာ မီးဆက်ပေးနိုင်မှာပါ။” ဟု “ဆန်းလင်း အင်တာနေရှင်နယ် အိတ်စ်ပို့ အန် အင်ပို့စ်” ကုမ္ပဏီမှ ချီဖွေမြို့နယ် တာဝန်ခံ မန်နေဂျာ ဦးလောင်းလာမ်ခေါင်လွမ်း ကပြောသည်။
- ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ “ဆန်းလင်း”ကုမ္ပဏီမှ ချီဖွေမြို့နယ် လူထုအတွက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး ပေးခဲ့ ရာ၌ တစ်ပေပါလျှင် ငွေကျပ် (၂၄၀,၀၀၀)တန်ဖိုးရှိ ပရီမီယံဒီဇယ်ဆီ (၃၅)ပေပါခွဲ ရှိပြီး၊ အခြားသော အထွေထွေ ကုန်ကျ စရိတ် အဖြစ် စက်ပြင်ခများ၊ စက်ပစ္စည်းဝယ်ယူမှုများမှာ ငွေကျပ်(၅)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ မြို့နေ လူထု ပြည်သူများထံမှ ပြန်လည်ကောက်ခံရရှိသော မီတာခများမှာ (၂၁,၄၂၆)ယူနစ်ရှိပြီး၊ တစ်ယူနစ်လျှင် (၁၄၅)ကျပ်နှုန်းဖြင့် ပြန်လည်ကောက်ခံရရှိသောကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၁၁,၁၃၃,၂၃၀)ကျပ်ခန့် အရှုံးခံကာ လျှပ်စစ် ဓါတ်အားဖြန့်ဖြူး ပေးခဲ့သည်ဟု သိရသည်။
- ထိုသို့ မြို့နယ်ချင်းဆက်လမ်းဖောက်လုပ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့စဉ်အချိန်တွင် ချီဖွေမြို့ မီးလင်းရေး အတွက်နိုင်ငံတော်အစိုးရမှ 100 KVA လောင်စာသုံးစက်ဌားရမ်းပေးမှုကြောင့် မြစ်ကြီးနားမြို့မှ သယ်ဆောင်၍ (၂၇.၁.၂၀၁၇)ရက်မှ စတင်ကာ တစ်ညလျှင် (၃)နာရီကြာ (၂၇.၆.၂၀၁၇)၊ (၅)လတိတိကို “ဆန်းလင်း အင်တာနေရှင်နယ် အိတ်စ်ပို့ အန် အင်ပို့စ်” ကုမ္ပဏီမှ ၄င်းတို့ကိုယ်ပိုင် လောင်စာဆီဖြင့် တာဝန်ယူကာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ (၂၅.၆.၂၀၁၇)ရက်နေ့မှစ၍ လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သောကြောင့် “ဆန်းလင်း” ကုမ္ပဏီမှ မီးပေးမှုကို ရပ်ဆိုင်း ထားခဲ့ပြီး၊ များမကြာမီအချိန်ဖြစ်သော (၃.၇.၂၀၁၇)ရက်နေ့၌ မြေပြိုမှု ထပ်မံဖြစ်ပွားမှုကြောင့် “ဆန်းလင်း” ကုမ္ပဏီမှပင် (၄.၃.၂၀၁၇)ရက်မှစ၍ တဖန် လျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးခဲ့ရသည်ဟု ဆိုသည်။



Comments
Post a Comment