ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင်အော်ဂဲနစ်စပါးများ ဖြစ်ထွန်းအောင်မြင်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင်အော်ဂဲနစ်စပါးများ ဖြစ်ထွန်းအောင်မြင်
EPN
မိုးညှင်း ဒီဇင်ဘာ ၂၉
EPN
မိုးညှင်း ဒီဇင်ဘာ ၂၉
- ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ၌ အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံ စိုက်ပျိုးရေး အသင်းက စမ်းသပ်စိုက်ပျိုးခဲ့သော အော်ဂဲနစ်စပါးများ ဖြစ်ထွန်းအောင်မြင်နေကြောင်းနိုင်ငံတကာအပင်နှင့် တိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့ ( FAUNA & FLORA INT-ERNATIONAL ) FFI မှ သိရသည်။
- ''အော်ဂဲနစ်ဟုတ်မဟုတ် စစ်ဆေးရဦးမှာပါဆန်မှုန့် နမူနာယူပြီးတော့ ရှမ်းမောမြေမှာ စစ်ဆေးမှာပါ အော်ဂဲနစ်စပါး ဖြစ်လာပြီ ဆိုရင်တော့ သည်ဒေသက စားသုံးသူတွေ ရွေးချယ်ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ '' ဟု FFI မှ အသင်းအဖွဲ့ကြီးကြပ်ရေးမှူး ဦးယိန်းခေါက ဆိုသည်။
- အင်းတော်ကြီးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လွန်ခဲ့သော ၅ နှစ်ကျော်ကာလမှစ၍ အင်းတော်ကြီးကန် ညစ်ညမ်းခြင်းနှင့် လယ်ယာမြေ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်စေသည့် ဓါတုပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာ သုံးစွဲခြင်း တို့များပြားလာသဖြင့် အင်းတော်ကြီးဒေသ သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်း (INFA)ကို ဒေသခံတောင်သူများ ပါဝင်ကာ ၂၀၁၇ ခုနှစ် ဇူလှိုင်လ ၃၀ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
- ' အင်းတော်ကြီးဒေသမှာ ဆန်စပါးကိုအဓိကထား စိုက်ပျိုးပြီး တစ်ခြားသီးနှံတွေလည်းစိုက်ပါတယ် ၂၀၁၀ ခုနှစ် နှောင်းပိုင်းမှာပိုးသတ်ဆေးနဲ့ဓါတ်မြေသြဇာသုံးစွဲတာတွေများလာတော့လူတွေကျန်းမာရေးထိခိုက်လာတယ် လုံးတုံဘက်မှာ ပိုးသတ်ဆေးပါတဲ့ အသီးအရွက်စားမိလို့ ဆေးရုံတက်ရတဲ့ အထိဖြစ်ဘူးတယ် ၊ဓါတုဆေးလွတ်တဲ့ သဘာဝလယ်ယာသီးနှံ ကိုစိုက်ပျိုးခြင်းကြောင့် ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေ ပြည်သူလူထု စားသုံးနိုင်စေဖို့ အပါအဝင် ရည်ရွယ်ချက် ၅ ခု နဲ့သည်အသင်းကို ဖွဲ့စည်းခဲ့တာပါ'' ဟု INFA အသင်း ဥက္ကဌ ဦးတင်စိုးက ဆိုသည်။
- ကျေးရွာအုပ်စု ၁၁ အုပ်စုနှင့် ကျေးရွာပေါင်း ၃၆ရွာကျော်ရှိသည့် အင်းတော်ကြီးဒေသတွင် အင်းတော်ကြီး သဘာဝလယ်ယာစိုက်ပျိုးရေးအသင်းကို နန့်မွန်း၊ဟဲပု၊ လုံးစန့်အစရှိသည့် ကျေးရွာ ၇ ရွာမှ တောင်သူ ၂၀ ဦးတို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဆန်စပါးစမ်းသပ်စိုက်ပျိုးခြင်းကို ယခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
- '' သည်နှစ်ကတော့ အော်ဂဲနစ်ဖြစ်လာဖို့အတွက် စမ်းသပ်ကွက်လုပ်တာပေါ့ စမ်းသပ်ကွက်မြေဧရိယာရဲ့ အခြေ အနေဟာအော်ဂဲနစ်ဖြစ်နိုင်ခြေ ရှိသော်လည်း နန့်မွန်းအုပ်စုဟာ လွန်ခဲ့တဲ့ ၅ နှစ်က ပျိုးထောင်တဲ့အခါမှာ ပျိုးပင် ရှည်ဖို့ အတွက်ပုလဲဓာတ်မြေသြဇာနဲ့ စပ်သကြားဆိုတဲ့ဓာတ်မြေသြဇာတွေသုံးထားတဲ့အတွက်အော်ဂဲနစ်စပါး ချက်ခြင်းကြီး မဖြစ်နိုင်ဘူးလို့ ပညာရှင်များက သုံးသပ်ကြပါတယ်'' ဟု FFI အသင်းအဖွဲ့ကြီးကြပ်ရေးမှူးကပြောသည်။
- အဆိုပါဒေသတွင် သဘာဝလယ်ယာသီးနှံ စမ်းသပ်စိုက်ပျိုးနိုင်ရန် FFI နှင့် ရှမ်းမောမြေအစိမ်းရောင်နည်းပညာဖွံ့ဖြိုးရေးအဖွဲ့တို့က နည်းပညာများ ပံ့ပိုးခဲ့ကြပြီး သဘာဝဆန်စပါး စမ်းသပ်ကွက်စိုက်ပျိုးခြင်းကို နန့်မွန်း၊ ဟဲပု၊လုံးစန့်၊ရွာသစ်နှင့် မနခေါ စသည့်ကျေးရွာ ၅ ရွာမှ တောင်သူ ၁၂ ဦးတို့က စိုက်ကွက် ဧက ၂၀ တွင် စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း
- သိရသည်။
- ''ကျွန်တော်ရဲ့လယ်မြေကို လွန်ခဲ့တဲ့ ၃နှစ်တုန်းက သီးစားချထားတဲ့အခါ ပုလဲဓါတ်မြေသြဇာ အသုံးများလို့ မြေဆီ တွေပျက်စီးကုန်တယ်၊ဒါကို ကုစားဖို့ သဘာဝလယ်ယာသီးနှံ စိုက်ပျိုးခဲ့တာပါ၊ ချင်း ၃စပါးမျိုးကို စိုက်ထားပါတယ် သုံးတဲ့ ဆေးကလည်း ဇွဲမြန်မာတံဆိပ်နဲ့ သဘာဝမြေသြဇာ သဘာဝ အပင်သန်ဆေးတို့ပါပဲ၊ တစ်ဧကကို တင်း ၁၀၀ထွက်ပါတယ် '' ဟု နန့်မွန်းကျေးရွာနေ INFA ၏ ဘဏ္ဍာရေးမှူး ဦးဖုန်းယော်က ဆိုသည်။
- အင်းတော်ကြီးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓါတုဆေးများသုံးစွဲခြင်းသည် နှစ်များစွာမကြာ သေးသောကြောင့် အော်ဂဲနစ်ဖြစ်ရန် အလားအလာကောင်းသော မြေများရှိနေကြောင်း မိုးညှင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
- ''အော်ဂဲနစ်သီးနှံစိုက်ဖို့ဆိုရင် မပြင်ပန်းလား စတဲ့ အရှေ့ခြမ်းအင်းတော်ကြီးမြေဟာ ပထမတန်းစားမြေ ဖြစ်ပါ တယ်၊သည်ဒေသမှာ မြေသြဇာသုံးစွဲတာ ၃ နှစ်ထက် မပိုနိုင်သေးဘူး၊ ဓါတ်မြေသြဇာ လုံးဝ မသုံးစွဲထားတဲ့မြေ ဖြစ်မှ အော်ဂဲနစ်စိုက်ပျိုးနိုင်မှာပါ၊ အင်းရဲ့အရှေ့ခြမ်းဟာ အော်ဂဲနှစ် စိုက်ပျိုးမြေ လုံးဝဖြစ်သင့်ပါတယ်'' ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးခင်အောင်ဇော်က ဆိုသည်။
- ယခုအချိန်တွင် INFAအဖွဲ့ကရှမ်းမောမြေ၏ သဘာဝမြေသြဇာ သဘာဝပိုးသတ်ဆေးများကို အသုံးပြု၍ ဆောင်းသီးနှံများဖြစ်သည့် ပဲငပိ၊မြေပဲ၊ ကြက်သွန်ဖြူတို့ကို စိုက်ပျိုးသွားရန် လုပ်ဆောင်နေပြီး ထွက်ရှိလာသည့် သဘာဝ လယ်ယာသီးနှံများကို FFI နှင့် ရှမ်းမောမြေ ကုမ္ပဏီလီမိတက်တို့၏ ပံ့ပိုးကူညီမှု ရယူ၍ ဈေးကွက်ချိတ်ဆက်သွားမည်ဟု သိရသည်။




Comments
Post a Comment