လိုင်စင်မဲ့ဆိုင်ကယ်များ ပျောက်ဆုံးပါက ရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်
လိုင်စင်မဲ့ဆိုင်ကယ်များ ပျောက်ဆုံးပါက ရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်
EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၉
- လိုင်စင်မဲ့ဆိုင်ကယ်များ ခိုးခံရပြီးပျောက်ဆုံးသွားပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်သွယ်ချိတ်ဆက်ကာ အကြောင်းကြား တိုင်ကြားနိုင်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
- “ကျနော်တို့ ကချင်ပြည်နယ်မှာက လိုင်စင်မဲ့ဆိုင်ကယ်တွေ ပျောက်ရင်မတိုင်ကြတာများတယ် လိုင်စင် မရှိတော့ တိုင်လဲအလကားပဲ၊ ပြန်ရမှာလဲမဟုတ်ဘူး။ မတိုင်တာကကောင်းသေးတယ်၊ သွားတိုင်လိုက်မှလိုင်စင် မဲ့စီးလို့ ပြန်အမှုပတ်နေဦးမယ်ဆိုတဲ့ အမြင်လေးတွေရှိနေကြတယ်။ အဲ့ဒါကမှားနေတာပါ၊ တကယ်တော့ ကိုယ့် ဆိုင်ကယ်ပျောက်သွားတယ်ဆိုရင် ရဲတပ်ဖွဲ့နဲ့ဆက်သွယ်ချိတ်ဆက်ပြီး ပြန်လည်ရရှိရေးနဲ့ ခိုးသွားတဲ့သူခိုးကို ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းသင့်တယ်။ ဒါမှလဲ ဆိုင်ကယ်သူခိုးတွေကို ဖမ်းနိုင်မှာဖြစ်တယ်။ လိုင်စင်မဲ့ ဆိုင်ကယ် ပျောက်ရင်လဲ လာအကြောင်းကြားကြပါလို့ ပြောချင်ပါတယ်။ ပျောက်တဲ့သူကို ဘာမှအရေးမယူပါ ဘူး။”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုရဲမှူးကြီးမျိုးသူရနောင် ကပြောသည်။
- ကချင်ပြည်နယ်အတွင်း၌ ဆိုင်ကယ်ပျောက်မှုများတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ရဲတပ်ဖွဲ့သို့အကြောင်း ကြား တိုင်တန်းခြင်း မရှိဘဲ၊ လိုင်စင်ရှိဆိုင်ကယ်များသာလျှင် လာရောက်အကြောင်းကြား တိုင်တန်းကြောင်း ၄င်းကဆိုသည်။ ယခုနှစ်ပိုင်းအတွင်း၌ ဆိုင်ကယ်ပျောက်ဆုံးမှုများထဲတွင် လိုင်စင်မဲ့ဆိုင်ကယ်ပျောက်ဆုံးမှုများ ပြားလာပြီး တိုင်တန်းမှုမရှိသည့်အတွက် ခိုးသူများအနေနှင့် ပိုမိုရဲတင်းလာပြီး၊ နေ့ခင်း၌ပင်ခိုးမှုများဖြစ်ပွား နေ သည်ဟု သိရသည်။
- “ခိုးတဲ့သူတွေကလဲ လိုင်စင်မဲ့ဆိုင်ကယ်ခိုးရင် မတိုင်မှန်းသိတော့ လိုင်စင်မဲ့တွေကို ရွေးခိုးလာတယ်။ ပျောက်တဲ့သူကလဲ လာမတိုင်တော့ ဘာမှလုပ်ပေးလို့မရဘူး။ ဒါကြောင့် လိုင်စင်ရှိ ရှိ၊ မရှိ ရှိ ကိုယ့်ဆိုင်ကယ် ပျောက်ရင် ရဲတပ်ဖွဲ့ကို လာအကြောင်းကြားပါ။ နောက်တခုက သတင်းမီဒီယာတွေကနေလဲ လိုင်စင်မဲ့ပျောက် ရင်လဲ ရဲကိုအကြောင်းကြားလို့ ရတယ်ဆိုတာ အသိပညာပေး ပေးပါလို့ပြောချင်ပါတယ်။ တခုတော့ရှိတာပေါ့ လေ၊ လိုင်စင်မရှိရင်တော့ အမှုမဖွင့်ဘဲ၊ မှတ်တမ်းယူထားပေးတယ်။ ဆိုင်ကယ်ခိုးမှု တရားခံမိပြီး ဖော်ထုတ်ပြီး ရင် ကိုယ့်ဆိုင်ကယ်ပါ မပါလာကြည့်ကြပေါ့။ ပါရင်ပြန်ရမှာပဲလေ။” ဟု ဒုရဲမှူးကြီးမျိုးသူရနောင် ကဆက်လက် ပြောကြားသည်။
- ရဲတပ်ဖွဲ့မှ ၄င်းကဲ့သို့ပြောကြားမှုများရှိသကဲ့သို့ လိုင်စင်မဲ့ဆိုင်ကယ် ပျောက်ဆုံးသူများမှ သွားရောက် အကူညီတောင်းရာ၌လည်း အမှန်တကယ်ပင် ရဲတပ်ဖွဲ့မှ လိုလိုလားလား ကူညီပေးကြောင်း လိုင်စင်မဲ့ဆိုင်ကယ် ပျောက်ဆုံးသွားသူတစ်ဦးမှကသည်။
- “လိုင်စင်မရှိတဲ့ဆိုင်ကယ် ပျောက်ရင်လဲ ရဲကိုအကြောင်းကြား တိုင်တန်းလို့ရတယ်လို့ ကြားမိတာနဲ့ သွားတိုင်လိုက်တာ။ လိုလိုလားလားပါပဲ၊ ကူညီပေးကြပါတယ်။ ဆိုင်ကယ်ခိုးမှုမိရင် ပြန်အကြောင်းကြားပေး မယ်လို့ ပြောပါတယ်။ အကြောင်းကြားတဲ့အခါကျရင် ကိုယ့်ဆိုင်ကယ်ပါ မပါလာကြည့်ပေါ့လေ။ ပါရင်တော့ ပြန်ရစေမယ်လို့ အားပေးစကား ပြောပါတယ်။ အရင်ကဆို ကိုယ်ကလိုင်စင်မဲ့ ဆိုင်ကယ်စီးတော့ ပျောက်ရင်လဲ မတိုင်ရဲဘူး။ ကိုယ့်ကိုပြန်အမှုပတ်မှာ ကြောက်နေရတာ၊ အခုလဲအမှုဖွင့်တောတော့ မဟုတ်ပါဘူး။ မှတ်တမ်းယူ ထားပြီး၊ ကူညီပေးတဲ့သဘောပါ။ ဘာပဲဖြစ်ဖြစ် ခုလိုမျိုး ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီပေးတဲ့အတွက် လည်း အရမ်းကျေးဇူးတင်တာပဲဗျာ။” ဟု လိုင်စင်မဲ့ ဆိုင်ကယ် ပျောက်ဆုံးသွားသူ လယ်ကုန်ရပ်ကွက်နေ ဦးဘောမ်ယိန်း ကပြောသည်။

Comments
Post a Comment