မြစ်ကြီးနားမြို့မှ နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ မသင်္ကာလူနှစ်ဦးကို ရမန်ယူစစ်ဆေး
မြစ်ကြီးနားမြို့မှ နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ မသင်္ကာလူနှစ်ဦးကို ရမန်ယူစစ်ဆေး
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၇
- မြစ်ကြီးနားမြို့မှ နှစ်လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာလူနှစ်ဦးကို ရမန်ယူစစ်ဆေး နေကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းမှ သိရသည်။
- မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ၄ တောင်သူကြီးလမ်း အမှတ် ၄၁၄တွင် အောက်တို ဘာ ၁၃ရက် ညနေ ၄နာရီခွဲ အချိန်ခန့်တွင် အဆိုပါအိမ်တွင် နေထိုင်သော ဒေါ်ခင်မြင့် ၇၅နှစ်သည် ဓားထိုးသွင်းဒဏ်ရာ၁၃ချက်နှင့် ဒေါ်ခင်မြင့်၏သမီး ဒေါ်ခင်စန်းရီ ၅၁နှစ်မှာ ဓားထိုးသွင်းဒဏ်ရာ ၆ချက်ဖြင့် အိမ်ထဲရှိ မီးဖိုချောင်ဘေး ရေချိုးခန်းအနီးတွင် အသတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
- “တရားခံကတော့ စုံစမ်းဖော်ထုတ်ဆဲပါပဲ တရားသူကြီးဆီမှာ ချုပ်မိန့်ရမန်တောင်းပြီး စစ်ဆေး နေတဲ့ မသင်္ကာစရာ လူနှစ်ယောက်ကိုတော့ စစ်ဆေးနေပါတယ်” ဟု နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဇော်က ပြောသည်။
- အဆိုပါ မသင်္ကာ လူနှစ်ဦးကို အောက်တိုဘာ ၁၆ရက်မှ စတင်စစ်ဆေးနေပြီး ၎င်းတို့ ၂ဦးမှာ တရားလို ဦးမြင့်ဦး၏ ကုန်စုံဆိုင်မှ အလုပ်သမား အောင်မြင့်ထွန်းနှင့် အခင်းဖြစ်ပွားရာနေအိမ်တွင် သေဆုံးသူများကို စတင်တွေ့ရှိသူ အိမ်ဌား မယဉ်မော်တို့ဖြစ်ကြောင်း သိရသည်။
- “ကုန်စုံဆိုင်က ပစ္စည်းကို အိမ်မှာပဲ ဂိုထောင်လုပ်ထားတော့ ပစ္စည်းလိုရင်လိုသလို အိမ်ကိုလွှတ်ပြီး ယူခိုင်းနေကြပါ အခင်းဖြစ်တဲ့နေ့က နေ့လည်၂နာရီလောက်မှာ အိမ်ကိုပစ္စည်းသွားယူခိုင်းသေးတယ်” ဟု ယင်း မိသားစုဝင်တစ်ဦးက ပြောသည်။
- အသတ်ခံရသည့် သားအမိနှစ်ယောက်၏အိမ်တွင် သတ်ဖြတ်ပြီး မွှေနှောက်ရှာဖွေထားသည့် အနေအထားများတွေ့ရှိရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ထွန်းဦးကပြောသည်။
- “ကျွန်တော်တို့ သုံးသပ်ချက်အရတော့ ဒီအမှုက ပစ္စည်းလိုချင်လို့ လုပ်တာဖြစ်တယ် လူကိုလဲ အငြိုး အတေးတော့ ရှိချင်ရှိနိုင်ပါတယ် သို့သော် အထဲမှာ မွေနှောက်ရှာဖွေထားတဲ့ အနေအထားလဲတွေ့တယ် ပစ္စည်းက ရှာတော့ရှာတယ် မတွေ့သွားတဲ့ သဘောပါ ဒီအိမ်က ခိုင်ခံ့လုံခြုံတဲ့ အိမ်ပါ အိမ်ကိုဝင်ထွက်နေကျ မင်္သကာစရာ လူတော့ ရှိတယ်” ဟု ရဲမှူးကြီးထွန်းဦးက ပြောသည်။
- အခင်းဖြစ်ပွားချိန်သည် မိုးရွာနေပြီး ပတ်ဝန်းကျင်မှတိတ်ဆိတ်မှုကို အခွင့်ကောင်းယူကာ အိမ်တွင် အစောင့်အရှောက်နည်းပါးခြင်းနှင့် အမျိုးသမီးများသာ ရှိနေသည်ကို အခွင့်ကောင်းယူ၍ ပြစ်မှုကျုးလွန်သူမှ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခြင်းဖြစ်ပြီး သေဆုံးသူများကို စတင်တွေ့ရှိချိန်တွင် ဧည့်ခန်းထဲရှိ TVကို အသံကျယ်၍ ဖွင့်လှစ်ထားသည် ဟု သိရသည်။
- အဆိုပါ အခင်းဖြစ်ပွားရာ ခြံဝန်းအတွင်းတွင် တရားလို ဦးမြင့်ဦး (ဒေါ်ခင်မြင့်၏သား)သေဆုံးသူ၂ဦး မိသားစုဝင် ၃ဦးနှင့် ၎င်းတို့အိမ်၏ နောက်ဖေးဘက်တွင် နှစ်၂၀ခန့် ကြာပီဖြစ်သော အိမ်ဌားနေထိုင်သူ မယဉ်မော်တို့ သားအမိနှင့် စုစုပေါင်း ၅ဦး နေထိုင်ကြကြောင်း သိရသည်။
- အဆိုပါဖြစ်စဉ်ကို နယ်မြေရဲစခန်းတွင် အမှုအမှတ်(ပ)၂၁၅/၂၀၁၇ ၊ ဥပဒေပုဒ်မ(၃၀၂)လူသတ်မှု ဖြင့်အမှုဖွင့်၍ အမှုစစ် စခန်းမှူး ဒုရဲမှူး သိန်းဇော်နှင့် နယ်မြေစခန်းမှ ဒုရဲအုပ်များ ပူးပေါင်း၍ တရားခံ ပေါ်ပေါက်စေရန် စုံစမ်းလျှက်ရှိကြောင်း သိရသည်။



Comments
Post a Comment