မြစ်ကြီးနားတွင် ရွှေဈေးများ လျှော့ကျသော်လည်း ဝယ်သူနည်းပါး
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၈
- မြစ်ကြီးနားမြို့တွင် ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းသွားသော်လည်းဝယ်သူမှာ ယခင်ထက် နည်းပါးနေဆဲ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိရွှေဆိုင်ကြီးများထံမှ သိရသည်။
- ယခင်တပတ်အတွင်းရွှေဈေးနှုန်းမှာ (၁၆)ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၄၀၀၀၀/- ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင်၉၃၅၀၀၀/-အထိကျဆင်းသွားပြီး၅၀၀၀/- ဈေး လျော့သွားသော်လည်းဝယ်သူ နည်းပါနေကြောင်း၊ ကချင်ပြည်နယ်အတွင်း၌ ယခင်ကကျင်ရွှေဝယ်ယူရမှုများစွာရှိခဲ့သော်လည်းယခုနှစ်ပိုင်းအတွင်း၌ ကျင်ရွှေလာရောက် ရောင်းချသူအလွန်နည်းပါးသွားပြီ ဖြစ်ကြောင်းသိရသည်။
- “ရွှေဈေးဆိုတာကကမ္ဘာ့ရွှေဈေးပေါ်မူတည်ပြီး အတက်အကျကနေ့တိုင်းနီးပါးဖြစ်နေတာ။ ကျနော်တို့ မြစ်ကြီးနား ကရွှေဈေးက ရန်ကုန်ကဈေးနဲ့တော့ တစ်ထောင်နှစ်ထောင်ကွာတယ်။ အခုတပတ်ထဲမှာဈေးနှုန်း၅၀၀၀/-လောက်ကျပြီး ငြိမ်နေတယ်။ ဈေးကျပေမဲ့ ဝယ်သူနည်းလို့ အလုပ်သိပ်မဖြစ်ဘူး။ အရောင်းအဝယ်ပါးတယ်လို့ပြောရမယ်။” ဟု မြစ်ကြီးနားမြို့ရှိ ချိန်မှန် ရွှေဆိုင်ပိုင်ရှင် ဦးစိုးတင့် ကပြောသည်။
- ယခုလာရောက်ရောင်းချနေကြသေ ကျင်ရွှေများမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လက်နှင့်ထိုး လောင်းလောင်း ကာရှာဖွေရရှိသောရွှေအနည်းငယ်ကိုသာလာရောက်ရောင်းချသူများပြီး၊ ယခင်ကဲ့သို့ စက်များနှင့် ရွှေလုပ်ကိုင်မှု အလွန်နည်းပါးသွားပြီဖြစ်သည်ဟုဆိုသည်။ အဆိုပါ ထိုးလောင်းသမားများ၏ ကျင်ရွှေများကိုနေရာဒေသအလိုက် ဈေးနှုန်းအနည်းငယ်ကွာခြားပြီးတစ်ရွေးလျှင်၇၀၀၀/- ပတ်ဝန်းကျင်ခန့် ပေး၍ဝယ်ယူရကြောင်းသိရသည်။
- “အခုနှစ်ပိုင်းထဲမှာရွှေအရောင်းအဝယ် လျော့သွားတယ်။ အရောင်းလဲပါးတယ်။ အဝယ်လဲပါးတယ် ပြောရမယ်။ အရင်ကတော့ ကျင်ရွှေလဲဝယ်ရတယ်။ ခုတော့ ဘယ်သူမှလဲလုပ်လို့မရဘူးဆိုတော့ ကျင်ရွှေလာရောင်းတာ လဲထိုးလောင်းသမားအနည်းအကျဉ်းပဲရှိတယ်။ မှော်တွေမှာလဲလုပ်လို့မရတော့ ကျမတို့ရောင်းတာကောဝယ်တာပါ နည်းသွားတော့ ထိုင်နေရတာများတယ်။” ဟု ကြည်ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်မေသီကပြောသည်။
- လက်ရှိရွှေပေါက်ဈေးမှာ ၅၀၀၀/-ကျပ်ခန့် ကျဆင်းသွားသော်လည်းလူထုအနေနှင့် ရွှေဝယ်ယူရန်ထက် စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရခြင်းကြောင့် ဝယ်ယူလိုသော်လည်းဝယ်ယူနိုင်ခြင်းမရှိကြောင်းသိရသည်။
- “ရွှေဈေးကျတယ်ဆိုတာကဆိုင်တွေအတွက်ပဲကျတယ်လို့ပြောရမယ်။ ကျမတို့တွေ အတွက်ကတော့ ဈေးကျတယ်လို့ ပြောလို့မရပါဘူး။ ငွေလေး၅၀၀၀/-လောက် ကျသွားတာကိုရွှေဈေးကျတယ်လို့မှ ပြောလို့မရတာ။ လူတွေ အတွက် ကရွှေဝယ်ဖို့ထက် စားဝတ်နေရေးကပိုအရေးကြီးနေတော့ ဝယ်ချင်ရင်လဲမဝယ်နိုင်ကြပါဘူး။ တချို့ သိပ်ချမ်းသာတဲ့ သူအနည်းစုလောက်ပဲဝယ်နိုင်ကြတာပါ။ အားလုံးကစီးပွားရေးအဆင်မပြေကြတဲ့သူများပါတယ်။” ဟု ဒေသခံတစ်ဦး ဖြစ်သူဒေါ်စိုးစိုးဟန် ကပြောသည်။
- မြန်မာ့ရွှေဈေးနှုန်းအတက်အကျမှာကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်မူတည်၍ ဈေးကစားမှုရှိပြီး အပြောင်းအလဲ ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့၏ ရွှေပေါက်ဈေးနှင့် ကချင်ပြည်နယ်အတွင်း ရွှေပေါက်ဈေးမှာ တစ်ထောင်မှ နှစ်ထောင်ကျပ်အထိ အပြောင်းအလဲရှိတတ်ပြီး များများစားစား ပြောင်းလဲခြင်းမျိုးမရှိဟုဆိုသည်။ လက်ရှိ မြစ်ကြီးနားမြို့၌ (၁၆)ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၃၅၀၀၀/- ကျပ်ရှိပြီး၊ (၁၅)ပဲရည် တစ်ကျပ်သားလျှင် ၈၇၆၀၀၀/- ကျပ်ရှိကြောင်း သိရသည်။




Comments
Post a Comment