ဟိုပင်မြို့ မူဆလင်ကျောင်းများတွင် ပြင်ပဧည့်သည်များဝင်ထွက်မှု ရှိ မရှိ စစ်ဆေး
ဟိုပင်မြို့ မူဆလင်ကျောင်းများတွင် ပြင်ပဧည့်သည်များဝင်ထွက်မှု ရှိ မရှိ စစ်ဆေး
EPN
မိုးညှင်း၊ စက်တင်ဘာ ၃၀
- မိုးညှင်းမြို့နယ် ဟိုပင်မြို့ရှိ မူဆလင်ကျောင်းများတွင် ပြင်ပမှလာရောက်သော ဧည့်သည်များ ဝင်ထွက်မှု ရှိ မရှိကို သိရှိနိုင်ရန် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
- အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ဟိုပင်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ရှိန်းထက်ဦး နှင့်အဖွဲ့ဝင်များ၊ မြဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ရာအိမ်မှူး ဦးအေးလွင် တို့ပါဝင်ပြီး မြဇေယျာရပ်ကွက် နယ်မြေ( ၁)ရှိ ရှစွန္နီဗဟို ဘလီကြီး မူဆလင်ကျောင်းအား စက်တင်ဘာ ၂၉ ရက် ညနေ(၃)နာရီက သွားရောက်စစ်ဆေးခဲ့ကြကြောင်း ဟိုပင်မြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ရှိန်းထက်ဦးက ပြောသည်။
- “ယခုလိုလာရောက်ရတာဟာ မြို့ရဲ့တည်ငြိမ်အေးချမ်းမှုရှိစေဖို့နဲ့ မြို့ရွာလုံခြုံမှုရှိစေဖို့ပါ ထူးခြား မှုရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားပေးနိုင်ကြဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဒုရဲအုပ်ရှိန်းထက်ဦးက ပြောသည်။
- ဟိုပင်မြို့တွင် မကြာခဏဆိုသလို လုယက်မှုများဖြစ်ပေါ်နေခြင်းကြောင့် စစ်ဆေးဆောင်ရွက်ရခြင်း ဖြစ်ပြီး မကြာခဏဖြစ်ပွားနေခြင်းများကို ရဲတပ်ဖွဲ့မှသိရှိနေရကြောင်း မြို့ရွာတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်းတို့ကို ဆက်လက်ပြောကြားခဲ့ သည်။
- “မသင်္ကာစရာအကြောင်းတစ်စုံတစ်ရာ သိရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားပါမယ် အခုချိန်ထိ ကျွန်တော်တို့ထံမှာ သူစိမ်းမူဆလင် ဧည့်သည်များ ဝင်ထွက်မှုမရှိပါဘူး” ဟု ဗလီဥက္ကဋ္ဌ ဗလီ ဆရာ လင်းလင်းကရှင်းပြသည်။
- မိုးညှင်းမြို့နယ်အတွင်း ခိုးဆိုးလုယက်သူများ ပေါ်ပေါက်လာပါက ရဲတပ်ဖွဲ့မှအလျှင်အမြန်ဖမ်းဆီး နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်းသိရသည်။

Comments
Post a Comment