ကချင်လူငယ်များ အလုပ်ကိစ္စ ခရီးထွက်ရာ၌ လုံခြုံရေး စိုးရိမ်နေရဟုဆို
ကချင်လူငယ်များ အလုပ်ကိစ္စ ခရီးထွက်ရာ၌ လုံခြုံရေး စိုးရိမ်နေရဟုဆို
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃
ဘရန်ဆိုင်း
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃
- ကချင်ပြည်နယ်အတွင်း ၂၀၁၁ခုနှစ်မှစ၍ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက်ပိုင်းတွင် မြို့များအနီးတဝိုက်၌ပင် KIA မှ တပ်သားသစ်စုဆောင်းမှုများကို မကြာခဏ ကြားသိနေရပြီး၊ ကချင်လူမျိုးဖြစ်သော လူငယ်များအနေဖြင့် ရွှေမှော်၊ ပယင်းမှော်၊ ကျောက်စိမ်းမှော် စသည့်နေရာများသို့ ခရီးထွက်၍ အလုပ်လုပ်ကိုင်ရန် သွားလာရာတွင် လုံခြုံရေး စိုးရိမ်နေရကြောင်း သိရသည်။ ထိုသို့ လုံခြုံမှုမရှိဘဲ၊ စုဆောင်းရေးဆွဲ ခံရမည်စိုးရိမ်နေရပြီး မှော်များသို့ သွားလာနိုင်မှုမရှိခြင်းကြောင့် စစ်ရှောင်နေလူငယ်များ၌ အလုပ်လက်မဲ့ဦးရေ များပြားနေပြီး မိသားစု စားဝတ်နေရေးအတွက် အလွန်ခက်ခဲလာနေကြောင်း စစ်ရှောင်စခန်းနေ လူငယ်များက ဆိုသည်။
- “ကျနော်တို့ ကချင်လူငယ်တွေအတွက် အရေးအကြီးဆုံး လိုအပ်ချက်က ဘာလဲလို့မေးရင် လုံခြုံရေးပေါ့။ ရွှေမှော်တို့ ပယင်းမှော်တို့ ကျောက်မှော်တို့တွေကို သွားမယ်ဆိုရင် စုဆောင်းရေးဆွဲမှာစိုးလို့ မသွားရဲဘူး။ မှော်ထဲမှာ မပြောနဲ့ မြို့နဲ့နီးနီးနားနားမှာတောင် ခဏခဏဆွဲတာ ကြားနေရတာဆိုတော့ ကျနော်တို့ ကချင်လူငယ်တွေအတွက်က ဘယ်လိုမှ မလုံခြုံဘူးလေ။ ဒါကြောင့် မှော်ထဲတွေကိုလဲ မသွားနိုင်တော့ သွားနိုင်တဲ့ သွားလို့ရတဲ့ တခြားလူမျိုးတွေက သွားလာကြပြီး ကြီးပွားချမ်းသာသွားကြပြီး ကျနော်တို့တွေက မသွားနိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်နေတာများတယ်။”ဟု မိုင်းနား ကက်သလစ် ဘုရားရှိခိုးကျောင်း စစ်ရှောင်စခန်းမှ ကချင်လူငယ်တစ်ဦးဖြစ်သူ ကိုဆွတ်ဂျတ်အောင် ကပြောသည်။
- ကချင်လွတ်မြောက်ရေးတပ် KIA မှတပ်သားသစ် စုဆောင်းရာ၌ ကချင်လူမျိုးများနှင့် ကချင်မျိုးနွယ်စုများကိုသာ အဓိက စုဆောင်းလေ့ရှိပြီး၊ အခြားသော တိုင်းရင်းသားများကို စုဆောင်းမှုနည်းပါးသည်ဟု သိရသည်။ KIA မှစုဆောင်းရေးဆွဲခြင်း ခံရသော အခြားတိုင်းရင်းသား လူမျိုးများဖြစ်ပါက လိုက်ပါဆောင်ရွက်၍ ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများ ရှိပါက ပြန်လွှတ်ပေးခြင်းများလည်း ရှိသည်ဟုဆိုသည်။
- “KIA ကစုဆောင်းရေးဆွဲတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တခြားတိုင်းရင်းသား လူမျိုးတွေဆိုရင် ပြန်လွှတ်ပေးဖို့ ဆက်သွယ်တောင်းဆိုတယ်ဆိုရင် ပြန်လွှတ်ပေးပါတယ်။ ပညာသင်နေတဲ့ကလေးတွေ ဝန်ထမ်းတွေ ဘာသာရေး ဆရာ၊ ဆရာမတွေဆိုရင်လည်း ပြန်လွှတ်ပေးပါတယ်။ နောက်တခုက ခေါ်သွားခံရရင်တောင် ဆေးစစ်ပြီး ကျန်းမာရေး ကောင်းမှပဲ ခေါ်တာပါ။ အခုက KIA ကလည်း အရင်လို မဟုတ်တော့ပါဘူး။ အရမ်းစိစစ်ပြီးမှပဲ စစ်သားလုပ်ဖို့ လက်ခံတာပါ။”ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက KIA တပ်မှစစ်သား စုဆောင်းရေးဆွဲခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောသည်။
- တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်မှ စတင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး၊ KIA ဖက်မှတပ်သားသစ် စုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာခဲ့ရာ မြစ်ကြီးနား၊ ဝိုင်းမော် စသည့်မြို့များ အနီးတဝိုက်၌ပင် မကြာခဏ ဝင်ရောက်စုဆောင်းနေကြောင်း သိရသည်။
- စုဆောင်းရေးဆွဲမှုများကို ၂၀၁၇ခု၊ နှစ်ကုန်ပိုင်း တွင် ပိုမိုလုပ်ဆောင်လာခဲ့ပြီး နိုဝင်ဘာလတွင် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ ဂွေရွတ်ယန် ကြိုးတံတားအနီး စုဆောင်း ရေးဆွဲမှုနှင့် ဝိုင်းမော် အောင်မြေ(၁)ကျေးရွာ၌လူငယ်(၈)ဦးကိုစုဆောင်းရေးဆွဲမှုများဖြစ်ပွားခဲ့ပြီး၊မြစ်ကြီးနားမြို့နယ်အတွင်း တာလောကြီးကျေးရွာတွင် လီဆူးလူမျိုး လူငယ်(၄)ယောက်ကို စုဆောင်းရေးဆွဲမှု ဖြစ်ပွားခဲ့ရာ ယမန်လ (၂)လအတွင်း KIAဖက်မှ မြစ်ကြီးနားမြို့နယ် အတွင်း၌ စုဆောင်းရေးဆွဲမှု (၁)ကြိမ်နှင့် ဝိုင်းမော်မြို့နယ် အတွင်း၌ (၂)ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဘရန်ဆိုင်း

Comments
Post a Comment