မြစ်ကြီးနားမြို့ရှိ အနော်ရထာလမ်းမကြီးကို အမြန်ဆုံး ပြုပြင်ပေးစေလို
မြစ်ကြီးနားမြို့ရှိ အနော်ရထာလမ်းမကြီးကို အမြန်ဆုံး ပြုပြင်ပေးစေလို
EPN
မြစ်ကြီးနား ဇန်နဝါရီ ၃
မီးမီး
EPN
မြစ်ကြီးနား ဇန်နဝါရီ ၃
- မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်၏ အဓိကလမ်းမကြီးဖြစ်သော အနော်ရထာလမ်းသည် လမ်းကျဉ်းနေပြီး သွားလာရ ခက်ခဲနေသောကြောင့် အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။
- အနော်ရထာလမ်းသည် လမ်းအကျယ် ၁၂ပေသာရှိပြီးအဆိုပါလမ်းတစ်လျှောက်တွင်အထက်တန်းစာသင်ကျောင်း၊ အလယ်တန်းစာသင်ကျောင်း၊လီဆူဘုရားကျောင်း၊ဗလီဝတ်ပြုကျောင်း၊မူကြိုကျောင်းနှင့်သာသနာ့ရံသီဘုန်းကြီးကျောင်း စသည်တို့ရှိပြီး၊ အနော်ရထာလမ်းသည်မြို့သစ်ရပ်ကွက်AGDဘဏ်ဘေးမှရမ်ပူရပ်ကွက်အတွင်းရှိအောင်သိဒ္ဒိသုဘောဂရာမ ဘုန်းကြီးကျောင်းအနီး လမ်းဆုံအထိ ပေပေါင်းတစ်သောင်းကျော်ခန့်ရှိပြီး အဆိုပါလမ်းမပေါ်တွင်ယုဇနရပ်ကွက်၊ မြို့သစ်ရပ်ကွက် ၊ အောင်နန်းရပ်ကွက်၊ခေမာသီရိရပ်ကွက်၊ရမ်ပူရပ်ကွက်၊တို့ရှိကြောင်းသိရသည်။
- ``ဒီအနော်ရထာ လမ်းမကြီးပေါ်ကနေ မနက်တိုင်းကလေးကျောင်းကြို၊ကျောင်းပို့လုပ်ပါတယ်၊ ပြန်လာလည်း ဒီလမ်းကပဲ လမ်းကလဲအရမ်းကျဉ်းနေတယ်၊အခုနောက်ပိုင်း ဒီလမ်းက အရင်ကထက်အရမ်းစည်လာတယ် လူအသွား အလာများတယ် ၊လမ်းပေါ်မှာလဲ မိုးရာသီဆို ရေဝပ်တော့ ချိုင့်တွေလဲအရမ်းများလာတယ် ဆိုင်ကယ်စီးရတာ လုံးဝအဆင် မပြေမှုတွေ ရှိတယ်၊မြို့ပေါ်လမ်းတွေကိုပဲ ဦးစားပေးလုပ်နေကြတာကို တွေ့ရပါတယ် ဒီလမ်းကိုလဲ အမြန်ဆုံးပြုပြင် ပေးစေချင်ပါတယ်´´ဟု ရမ်ပူရပ်ကွက်နေ ဒေါ်သက်သက်အိမှပြောသည်။
- အဆိုပါအနော်ရထာလမ်းပေါ်၌ လမ်းကျဉ်းနေမှုကြောင့် ယာဉ်အသွားအလာ ရှုပ်ထွေး၍ယာဉ်တိုက်မှုများ မကြာ ခဏဖြစ်ပွားနေတတ်ကြောင်း ထိုအပြင်လူငယ်ပိုင်းအရွယ်များအနေဖြင့် စည်းမဲ့ကမ်းမဲ့ ဆိုင်ကယ်မောင်းနှင်မှုများလည်း ရှိနေသည့် အတွက် နေ့စဉ်သွားလာရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
- ``အဲ့ဒီလမ်းပေါ်ကားမောင်းပြီးသွားတာလမ်းအပေါ်ကမောင်းရတယ်ကိုမရှိဘူးလူတွေဆိုင်ကယ်တွေကိုသွားချိတ်မိမလိုဖြစ်လို့ လမ်းကောင်းတဲ့ ကြက်ပေါင်ခြံရပ်ကွက်ဘက် ရွှေညောင်ပင်ရပ်ကွက်ဘက်က လမ်းတွေကနေကွေ့သွားပြီးရမ်ပူ ရပ်ကွက်ထဲ ဝင်ရတယ် အဲ့ဒီလမ်းမှာ အရင်ကလည်း လမ်းပြင်တာမတွေ့ဖူးဘူး၊လမ်းဖာတာပဲတွေ့ဖူးတယ်´´ဟု ရမ်ပူရပ်ကွက် နယ်မြေ ၁၄နေသူတစ်ဦးကပြောသည်။
- ၂၀၁၇ခုနှစ်၊နှစ်ဦးပိုင်းတွင် ရမ်ပူရပ်ကွက်နေပြည်သူများနှင့် ကချင်ပြည်နယ်၏ စည်ပင်သာယာရေးဝန်ကြီးဦးနေဝင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်တို့နှင့် တွေ့ဆုံပွဲတွင် ထိုအနော်ရထာလမ်းမကြီးကို ဘေးနှစ်ဖက်သို့ ချဲ့ပေး ရန်တင်ပြခဲ့ရာ ပြုလုပ်ပေးပါမည်ဟု ပြောကြားသွားကြောင်း သိရသည်။
- `` အဲ့ဒီလမ်းကို ၆ပေစီထပ်တိုးချဲ့ပေးမယ်လို့ သက်ဆိုင်ရာက ပြောထားပါတယ် ဘယ်တော့လဲတော့ အတိအကျ မပြောသေးဘူး။ ရေနှုတ်မြောင်းတွေလည်း အသစ်ပြန်လုပ်မယ် လမ်းဧရိယာပေ၅၀အကျယ် အတွင်းမှာရှိတဲ့ မလွတ်ကင်း တဲ့အိမ်နှင့် ကျူးကျော်နေတဲ့ ဆိုင်ခန်းတွေ ဓာတ်မီးတိုင်တွေ ဖုန်းတိုင်တွေတော့ ရွေ့ပြောင်းပေးရမယ်´´ဟု ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးမောင်မောင်ကပြောသည်။
- အစိုးရသစ် လက်ထက်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်ပြည်သူ ငွေကြေးတစ်ဝက်စီ ကျခံ၍ လမ်းခင်းခြင်းမျိုး ပြုလုပ်နိုင်ပြီး မြို့ပေါ်ရပ်ကွက် ၁၁ရပ်ကွက်၏ ကတ္တရာခင်းလမ်း ၂၃လမ်း စုစုပေါင်းအရှည် ပေပေါင်း ၄သောင်းကျော်ကို ကုန်ကျငွေ သိန်းပေါင်း၁သောင်းကျော်နှင့် စည်ပင် ၊ပြည်သူတစ်ဝက်စီကျခံ၍ ခင်းပေးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာဌာန၏ မှတ်တမ်းများ အရသိရသည်။
မီးမီး



Comments
Post a Comment