စစ်ရှောင်စခန်းများ၌ ဆေးဝါးလုံလောက်မှုမရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်ရန်အခက်အခဲဖြစ်
စစ်ရှောင်စခန်းများ၌ ဆေးဝါးလုံလောက်မှုမရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်ရန်အခက်အခဲဖြစ်
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂
- ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းများ၌ ဆေးဝါးများ လုံလောက်မှုမရှိဘဲ လိုအပ်နေသည့်အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှ ချထားပေးစေလိုကြောင်း စခန်းနေပြည်သူများက ဆိုသည်။ ၄င်းတို့စခန်းများတွင် ဆေးပေးခန်းများ၊ သူနာပြုများနှင့် ကျန်းမာရေးမှူးများ ချထားပေးသော်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရရှိသော ဆေးဝါးခွဲတမ်းမှာ လူဦးရေနှင့် မျှတမှုမရှိဘဲ များစွာလိုအပ်နေကြောင်း သိရသည်။
- “စစ်ရှောင်စခန်းတွေမှာ သူနာပြု မဟုတ်ရင် ကျန်းမာရေးမှူးတွေတော့ရှိပါတယ်။ ဆေးပေးခန်းလဲ ထားပေးထား ပါတယ်။ အဓိက လိုအပ်တဲ့ဆေးဝါးကတော့ မလုံလောက်ဘူး ဖြစ်နေတယ်။ လစဉ်တိုင်းတော့ မြို့နယ် ကျန်းမာရေးဌာနက ဆေးဝါးခွဲတမ်းချပေးတာရှိတယ်။ ကျမတို့ စခန်းတွေက လူဦးရေများတာလဲပါမှာပေါ့။ သူနာပြုဆရာမ ဆေးသွားထုတ်ခဲ့ပြီး လူနာလေးငါးယောက်လောက် ဆေးခန်းသွားပြလိုက်ရင် တစ်ရက်နှစ်ရက်ဆို ဆေးကကုန်သွားပြီ၊ ပြတ်နေပြီ။ စစ်ရှောင် စခန်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဆေးဝါးက ရှိကိုရှိရမဲ့ ပစ္စည်းဖြစ် တယ်။ အခုထက်ပိုပြီး ဆေးဝါးတွေကို ချထားပေးဖို့ လိုအပ်တယ်။” ဟု မိုင်းနား ကက်သလစ် စစ်ရှောင်စခန်းမှ ဒုတာဝန်ခံ ဒေါ်ဇနော ကပြောသည်။
- စစ်ရှောင်စခန်းများရှိ နေအိမ်များသည် တစ်အိမ်နှင့်တစ်အိမ် အလွန်နီးကပ်လျှက်ရှိပြီး လူဦးရေထူထပ်များပြားစွာ နေထိုင်နေကြရသည့်အတွက်လူတစ်ဦး၌ကူးစက်တတ်သောရောဂါဖြစ်ပွားပါကအခြားသူများကိုကူးစက်ရန်အလွန်မြန် ဆန်ပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးလုံလောက်မှု မရှိပါက အသက်ဆုံးရှုံးမှုအထိ ဖြစ်ပွားနိုင်သည်ဖြစ် သောကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုပြဿနာများ မဖြစ်ပေါ်စေရန်အတွက် စစ်ရှောင်စခန်းများကို ဆေးဝါးများ လုံလောက်စွာ ချထားပေးစေလိုသည်ဟု စခန်းနေပြည်သူများက ဆိုသည်။
- “ကျမတို့ စစ်ရှောင်စခန်းတွေမှာက အိမ်တွေကလဲ တစ်အိမ်နဲ့တစ်အိမ်က နီးနီးကပ်ကပ်လေးတွေ နေကြရတာ။ နောက်ပြီး လူဦးရေများတော့ လူတွေဆိုလဲ ပြွတ်သိပ်ကျပ်ညပ်ပြီးတော့ တစ်ယောက်တစ်လေများ ဌက်ဖျားတို့၊ တုတ်ကွေးတို့ ဝမ်းလျှောဝမ်းပျက်တာတို့ ဖြစ်ရင် ကူးဖို့ရာ အရမ်းမြန်ပြီး လွယ်တယ်။ ဒါကြောင့် စခန်းကလူတွေ တစ်ခုခုဖြစ်ရင် အမြန်ဆုံး ကုသဖို့လိုတယ်။ မဟုတ်ရင် အားလုံးကူးသွားနိုင်တယ်လေ။ အမြန်ဆုံးကုသဖို့ဆိုရင် ဆေးဝါးတွေ အမြဲအဆင်သင့် ရှိနေဖို့လိုတယ်။ လူဆိုတာ ကျန်းမာမှ ဘာမဆိုလုပ်နိုင်တာဆိုတော့ ကျန်းမာဖို့ဆိုတာ အရေးအကြီးဆုံး လိုအပ်ချက်ပဲ။”ဟု ခတ်ချို စစ်ရှောင်စခန်းမှ ဒေါ်ထွေးထွေးမြင့် ကပြောသည်။
- စစ်ရှောင်စခန်းများ၌ ဆေးဝါးလိုအပ်နေမှုနှင့် သူနာပြု ဆရာမ၊ ကျန်းမာရေမှူးများမှ စခန်းနေပြည်သူများကို စောင့်ရှောက်ပေးနေမှုများကိုလည်း ၄င်းကယခုကဲ့သို့ ဆက်လက်ပြောကြားသည်။
- “ဆရာမက ဆေးသွားထုတ်ပြီး ပြန်လာရင် တစ်ရက်နှစ်ရက်ပဲ ဆေးကရှိတယ်။ နောက်ရက်တွေဆို ကုန်ပြီ။ ဆေးဝါးပြတ်လပ်နေတာက များတယ်။ ဒါတောင် ဆရာမက သူ့ကိုယ်ပိုင် ဆေးဆိုင်ကဆေးနဲ့ ကုပေးနေတာကြာပြီ။ အမြဲတမ်းအတွက်တော့ မကောင်းဘူးပေါ့။ အမှန်တကယ်လဲ လိုအပ်နေတယ်။ အရေးလဲကြီးတဲ့ ကျန်းမာရေး ကိစ္စဖြစ် နေတယ်။ ဒါကြောင့် စစ်ရှောင်စခန်းတွေကို ဆေးဝါးလုံလောက်အောင် ခွဲတမ်းချထားပေးဖို့ ထောက်ပံ့ကူညီပေးဖို့ ပြောချင်ပါတယ်။ အကူအညီတောင်းချင်ပါတယ်။”ဟု ၄င်းတို့၏ လိုအပ်ချက်နှင့် ခံစားနေရမှုများကို ယခုကဲ့သို့ ဆက်လက်ပြောကြားသည်။
- တပ်မတော်နှင့် KIA တို့အကြား တကျော့ပြန် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သော ၂၀၁၁ခုနှစ်မှစ၍ နိုင်ငံတော် အစိုးရ၊ ပြည်နယ်အစိုးရနှင့် NGO/INGOsများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စစ်ရှောင်ပြည်သူများကို လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးနှင့် အခြားသော စောင့်ရှောက်မှုတို့ကို စဉ်ဆက်မပြတ် ထောက်ပံ့ကူညီ ပံ့ပိုးပေးခဲ့ပြီး၊ ၂၀၁၄ခု နောက်ပိုင်းတွင် အကူအညီပေးရေးအဖွဲ့များ၏ စိတ်ပါဝင်စားမှုနှင့် ထောက်ပံ့ကူညီမှုများမှာ တဖြည်းဖြည်းလျှော့နည်း လာနေပြီဖြစ်ကြောင်း သိရသည်။
- ၄င်းကဲ့သို့ အဖွဲ့အစည်းများ၏ စိတ်ပါဝင်စားမှု လျှော့နည်းလာရခြင်းမှာ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှု များမှာလည်း အောင်မြင်မှုမရရှိနိုင်သေးဘဲ၊ ငြိမ်းချမ်းရေး ရရှိရန် အလှမ်းဝေးနေခြင်းကြောင့် ဖြစ်သည်ဟု စစ်ရှောင်စခန်းနေ ပြည်သူများက သုံးသပ်ပြောဆိုနေကြကြောင်း သိရသည်။



Comments
Post a Comment