၂၀၁၇ခုနှစ်အတွင်း ကချင်ပြည်နယ်၌ မီးလောင်မှု ၉၄ကြိမ်ဖြစ် ဆုံးရှုံးမှုတန်ဖိုး မြှင့်တက်
၂၀၁၇ခုနှစ်အတွင်း ကချင်ပြည်နယ်၌ မီးလောင်မှု ၉၄ကြိမ်ဖြစ် ဆုံးရှုံးမှုတန်ဖိုး မြှင့်တက်
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၉
- ကချင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်များ၌ နှစ်အလိုက် ဆုံးရှုံးမှုတန်ဖိုး နှိုင်းယှဉ်ချက်များအရ ၂၀၁၇ခုနှစ် အတွင်းဖြစ်ပွားခဲ့သော မီးလောင်ဆုံးရှုံးမှုတန်ဖိုးငွေ ပမာဏများစွာ မြှင့်တက်ခဲ့ပြီး၊ မီးလောင်မှု အကြိမ်ရေ ၉၄ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
- ၄င်းဆုံးရှုံးမှုတန်ဖိုးပမာဏမြင့်တက်ခဲ့ရခြင်း၊ မီးလောင်မှု အကြိမ်ရေများပြားခဲ့ခြင်း အကြောင်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားရာတွင် “ဒီနှစ်ထဲမှာ မီးလောင်တဲ့အကြိမ် အရေအတွက် များလာတာနဲ့ ဆုံးရှုံးမှုတန်ဖိုးငွေ ပမာဏမြှင့်တက်လာတဲ့ အဓိက အကြောင်းအရင်းကတော့ ဖားကန့်မှာ ဖြစ်သွားတဲ့ မီးလောင်မှုတွေကြောင့်လို့ ပြောရမယ်။ နောက်တချက်က လက်နက်ကိုင်တွေဖက်က မီးရှို့တာကြောင့်လဲပါတယ်။ အဲ့ဒီ မီးလောင်မှုတွေက ကြိုတင်မကာကွယ်နိုင်ဘူး။ နောက်အချိန်မှီသွားပြီး မငြိမ်းသတ်နိုင်ဘူး။ ဖြစ်လိုက်ရင်လဲ ဆုံးရှုံးမှု တန်ဖိုးများတယ်။ ဒါကြောင့် ၂၀၁၇ခုနှစ်ထဲမှာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးတွေ မြှင့်တက်သွားတာဖြစ်တယ်။” ဟု ကချင်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးသန်း ကပြောသည်။
- ၂၀၁၇ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုများထဲ၌ ငွေကျပ်(၁၀)သန်းနှင့်အထက် မီးလောင်မှုကြီး(၇)မှု ရှိခဲ့ပြီး၊ ၄င်းအမှုများထဲမှ (၆)မှုမှာ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သောအမှုများ ဖြစ်ကာ ကျန်တစ်မှုသာလျှင် ဝိုင်းမော်မြို့နယ် အတွင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၄င်းအပြင် အဆိုပါ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုကြီး(၆)မှုတွင်လည်း (၃)မှုမှာ ရှို့မီးများဖြစ်ကာ ဆုံးရှုံးမှုတန်ဖိုးငွေ ပမာဏအမြှင့်မားဆုံး ဖြစ်ကြောင်း သိရသည်။
- “ကျမတို့မြို့မှာတော့ မီးလောင်တယ်ဆိုရင် မီးသတ်ကို တော်တော်လေး အားကိုးလို့ရလာတာတွေ့ရပါတယ်။ ဆက်သွယ်ရေးကွန်ရက် ကောင်းလာတော့ မီးလောင်တယ်ဆိုတာနဲ့ ဖုန်းဆက်လိုက်ရင် ငါးမိနစ် ဆယ်မိနစ်အတွင်း နေရာအနီးအဝေးပေါ်မူတည်ပြီး ချက်ခြင်း ရောက်လာပြီး မီးသတ်လိုက်တော့ ဆုံးရှုံးမှုတွေ သိပ်မဖြစ်တော့ဘူးပေါ့။ တကယ်ပြောတာပါ၊ အခု မီးသတ်တပ်ဖွဲ့တွေက ကြိုးစားလာကြသလို မီးသတ်တဲ့အခါမှာ သုံးတဲ့ပစ္စည်းကိရိယာတွေက အဆင့်လဲမြှင့်လာတာတွေ့ရပါတယ်။” ဟု မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးဖြစ်သော ဒေါ်ခေါန်ရာက ပြောသည်။
- ၂၀၁၇ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှု (၉၄)မှုဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် (၄၈၉၈.၀၂၈)သန်း ဆုံးရှုံးခဲ့ကာ ၂၀၁၆ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော မီးလောင်မှု (၉၁)မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် (၈၀၂ ဒဿမ ၂၁၆)သန်း သာဆုံးရှုံးခဲ့ခြင်းကြောင့် တန်ဖိုးငွေကျပ် (၄၀၉၅ ဒဿမ ၈၁၂)သန်းခန့် ဆုံးရှုံးမှုတန်ဖိုး မြှင့်တက် ခဲ့ကြောင်းသိရသည်။ ၂၀၁၇ခုနှစ် အတွင်း မီးလောင်မှုဖြစ်စဉ်များမှ ဖားကန့်မြို့နယ်၊ ကာမိုင်း၊ ဒွန်ဘန်ကျေးရွာ၌ ရှို့မီး ကြောင့် ဖြစ်ပွားခဲ့သောမီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုး အမြှင့်ဆုံးဖြစ်ကာ ငွေကျပ်(၄၅၀၀ ဒဿမ)သန်း ဆုံးရှုံးခဲ့သည်ဟု သိရသည်။

Comments
Post a Comment