အောင်မြင်သာကျေးရွာ၌ လျှပ်စစ်ဓါတ်အားအသုံးပြုနည်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့
အောင်မြင်သာကျေးရွာ၌ လျှပ်စစ်ဓါတ်အားအသုံးပြုနည်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့
EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၅
- မြစ်ကြီးနားမြို့၊ အောင်မြင်သာကျေးရွာ၌ ၂၀၁၈ခု၊ ဇန်နဝါရီလ(၁၅)ရက်၊ နံနက် (၁၀)နာရီက အောင်မြင်သာကျေးရွာနေ ပြည်သူများ လျှပ်စစ်ဓါတ်အား အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုရေး ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
- “အောင်မြင်သာရွာနဲ့ မလိယန်ရွာ၊ (၂)ရွာမှာရှိတဲ့ ရွာသူရွာသားတွေ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး ဟောပြောပွဲတွေကို နှစ်စဉ်နှစ်တိုင်းလုပ်နေပါတယ်။ ဒီနေ့မှာလဲ ကျနော်တို့ ကုမ္ပဏီကနေပြီး လျှပ်စစ် ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ အင်ဂျင်နီယာတွေနဲ့ ဘူးဂါးလျှပ်စစ်က အင်ဂျင်နီယာ ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဟောပြောပေးသွားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လျှပ်စစ်ဓါတ်အား အသုံးပြုနေကြတဲ့ ပြည်သူတွေအနေနဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးပဲ ဖြစ်ပါတယ်။ အားလုံးလဲ လျှပ်စစ်အန္တရာယ် ကင်းအောင် အသုံးပြုကြပါလို့ သတိပေးချင်ပါတယ်။”ဟု ACHC/SPIC ကုမ္ပဏီမှ မြစ်ကြီးနားရုံး တာဝန်ခံ မစ္စတာကျန်း ကပြောသည်။
- အဆိုပါ အခမ်းအနားတွင် လျှပ်စစ်ဓါတ်အားအသုံးပြုနည်း အသိပညာပေးခြင်းအပြင် လက်ရှိလျှပ်စစ်ဓါတ်အား အသုံးပြုနေမှု အဆင်ပြေမှုရှိမရှိကို ACHC/SPIC ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဒေသခံပြည်သူများ တိုက်ရိုက်ဆွေးနွေးခဲ့ကြသည်။ လက်ရှိအချိန်တွင် ACHC/SPIC ကုမ္ပဏီမှ လျှပ်စစ်ဓါတ်အားဗို့အား(၂၀၀၀)ဗို့ ထုတ်လွှတ်ပေးနေပြီး ဒေသခံပြည်သူများက လျှပ်စစ်ဓါတ်အားအသုံးပြုရာ၌ အဆင်မပြေမှုများကို တာဝန်ရှိသူများထံသို့ တင်ပြခဲ့ကြသည်ဟု သိရသည်။
- “အခုလို သူတို့ကုမ္ပဏီကနေပြီးတော့ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောပေးလို့ ကျမတို့ အရမ်းအသိပညာတွေရပါတယ်။ တချို့လိုအပ်ချက်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ကုမ္ပဏီက ဖြည့်ဆည်းပေးမယ်လို့တော့ ပြောပါတယ်။”ဟု အောင်မြင်သာကျေးရွာနေ ဒေါ်လုဘူ ကပြောသည်။
- ACHC/SPIC ကုမ္ပဏီမှ လျှပ်စစ်ဓါတ်အားအသိပညာပေးအခမ်းအနားသို့ တက်ရောက်ခဲ့သော ဒေသခံ ပြည်သူများအား လျှပ်စစ်ဓါတ်အားအသုံးပြုနည်းဆိုင်ရာနည်းပညာနဲ့ လျှပ်စစ်ဘေးအန္တရာယ်မှ ကင်းရှင်းစွာ အသုံးပြုနိုင်ရန် သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် ပြည်သူများအား လျှပ်စစ်ဓါတ်အား အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ရန် ဆက်လက်၍ လုပ်ဆောင်ပေးသွားမယ်ဖြစ်ကြောင်းသိရှိရသည်။
- ACHC/SPIC ကုမ္ပဏီမှဦးဆောင်ကျင်းပသော လျှပ်စစ်ဓါတ်အား အသိပညာပေးအခမ်းအနားကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၅)ရက် နံနက်(၁၀)နာရီအထိ အောင်မြင်သာရပ်ကွက် ကျေးရွာ အထက(တန်ဖရဲ)ရှိ အင်ခိုင်ဘွမ်ခန်းမ၌ ပြုလုပ်ခဲ့ကာ ၄င်းအခမ်းအနားသို့ မြစ်ဆုံစီမံကိန်းတည်ဆောက်ရေးကုမ္ပဏီဖြစ်သော ACHC/SPIC မှ တာဝန်ရှိသူများ အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ မြစ်ကြီးနားခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးအောင်မိုးမြင့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးထွန်းလာ၊ ဘူးဂါးလျှပ်စစ် ကုမ္ပဏီလီမိတက်မှ အငယ်တန်း အင်ဂျင်နီယာ ဦးမရူဒေါင်ခေါင်းနှင့် ဒေသခံပြည်သူများ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။




Comments
Post a Comment