မြစ်ကြီးနားတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ
မြစ်ကြီးနားတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀
- နှစ်စဉ် ကျင်းပလျက်ရှိသော ကချင်ပြည်နယ်နေ့ ထိမ်းအမှတ်အခမ်းအနားများကို ယခုလ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း နှစ် ၇၀ ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရရုံး ဝင်းအတွင်း မြက်ခင်းပြင်နှင့် စီတာပူရပ်ကွက် မနောကွင်းဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေ ခဲ့ကြောင်း သိရသည်။
- အဆိုပါ ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ ပြုလုပ်သော ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ပေးပို့သော နှစ် ၇၀ ပြည့် ကချင်ပြည်နယ်နေ့ သဝဏ်လွှာကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဖတ်ကြားခဲ့သည်။
- အဆိုပါ သဝဏ်လွှာတွင် ဒီမိုကရေစီနိုင်ငံတော်အသစ်ဆီသို့ လျှောက်လမ်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်းနှင့် တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ တည်ဆောက်နိုင်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်မှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှတ်သည့် မျိုးချစ်စိတ်ဓာတ်တို့နှင့် မိမိတို့ ပြည်နယ်အစိုးရနှင့် တွဲစည်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း ဖတ်ကြားခဲ့သည်။
- ထို့အပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်လည်း အခမ်းအနားများ၊ အားကစားပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
- ကချင်ပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော်လည်း လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ ရာ ကန့်ကွက်မဲများသည့်အတွက် ယင်းအဆိုမှာ ရှုံးနှိမ့်ခဲ့သည်။
- ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံလွှတ်လပ်ရေး ရရှိပြီး ၆ ရက်အကြာ ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ် ကောင်စီညီလာခံ အစည်းအဝေးမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်ကို အစွဲပြုသည့် ထိုနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





Comments
Post a Comment