မြစ်ကြီးနားမြို့ ကားကြီးဝင်း ယခုလ၂၁ရက်နေ့၌ ပြောင်းရွေ့ရန်ပြည်နယ်အစိုးရညွန်ကြား
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂
- ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း (ကားကြီး ဝင်း)ကို ဆောက်လုပ်ပြီးစီးပြီဖြစ်သော တပ်ကုန်း၊ ထွယ်ဆန်ရပ်ကွက်၊ လမ်းသွယ်(၁၀)၊ ရွှေလမ်းမ ကြီးအနီးရှိ ကားကြီး ဝင်းအသစ်သို့ ယခုလ၊ဒီဇင်ဘာလ(၂၁)ရက်မှစတင်ကာ ကားကြီးဝင်းအတွင်းရှိ ယာဉ်အသင်းများနှင့် အခြား သော ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ အားလုံးကိုပြောင်းရွေ့ကြရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ ကြီးကြပ်မှု ကော်မတီ (ယ.က.တ)သို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
- အဆိုပါကိစ္စနှင့်ပတ်သက်၍ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီ(ယ.က.တ)၏ တာဝန်ရှိ သူများနှင့် မော်တော်ယာဉ်အသင်းပိုင်ရှင်များမှ စိုးရိမ်ပူပန်လျှက်ရှိပြီး၊ ၄င်းတို့အနေနှင့် ယခုကားဝင်း တည်ရှိရာ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် နေရာ၌လည်း စာချုပ်သက်တမ်း(၃)နှစ်ခန့် ကျန်ရှိနေသေး သည့် အတွက် မပြောင်းရွေ့လိုသေးဘဲ၊ ယခုနေရာ၌သာ (၃)နှစ်ခန့်ဆက်လက် လုပ်ကိုင်နေလိုပြီး၊ ကားကြီးဝင်း အသစ်သို့ ပြောင်းရွေ့ရန်မှာလည်း တိုက်ခန်းနေရာအတွက် ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်ယူရန်အခက် အခဲရှိ နေ ကြောင်းမြစ်ကြီးနားခရိုင် ယ.က.တ ထံမှသိရသည်။
- “အစိုးရအဖွဲ့က ကျနော်တို့ ကားကြီးဝင်းကို ဒီလ(၂၁)ရက်နေ့မှာ စပြောင်းဖို့ဆိုပြီး၊ အမိန့်ထုတ်ပြန်တဲ့စာ ပို့ထားတယ်။ ကျနော်တို့ကားဝင်းကသူတွေ အားလုံးကတော့ မပြောင်းချင်သေးဘူး။ ဒီမှာလဲသက်တမ်းက (၃) နှစ်လောက် ကျန်သေးတာဆိုတော့ ကျန်သေးတဲ့သက်တမ်းမှာ ဒီမှာပဲ ဆက်နေချင်သေးတယ်။ ဒီကိစ္စကိုလဲ ကျနော်တို့ ကော်မတီဝင်တွေနဲ့ ယာဉ်အသင်းပိုင်ရှင်တွေ ပူးပေါင်းပြီးစာတင်ဖို့ လုပ်နေပါတယ်။ ခွင့်ပြုမပြုက တော့ မပြောတတ်သေးဘူး။” ဟု မြစ်ကြီးနားခရိုင် ယ.က.တ ဥက္ကဌ ဦးအေးဇော်ဇော် ကပြောသည်။
- ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ၂၀၁၇ခု၊ ဒီဇင်ဘာ(၂၁)ရက်၌ ယခုကား ကြီးဝင်းမှ ကားကြီးဝင်း အသစ်သို့ပြောင်းရွေ့ရန် ကိစ္စမှာ တိုက်ခန်းနေရာဝယ်ယူပြီးမှသာ ပြောင်းရွေ့ နိုင်မည် ဖြစ်သောကြောင့် တိုက်ခန်းဈေးနှုန်းကြီးမြင့်နေမှုသည် မော်တော်ယာဉ်အသင်းများအတွက် ဝန်ထုပ်ဝန်ပိုး တခု ဖြစ်နေပြီး၊ အစိုးရအဖွဲ့၏ အမိန့်ထုတ်ပြန်ချက်အတိုင်း လိုက်နာနိုင်ရန် အခက်အခဲဖြစ်နေကြသည်ဟု ဆက်လက် ပြောကြားခဲ့ပြီး တိုက်ခန်းဈေးနှုန်းအနည်းငယ် လျှော့ချပေးလျှင်ဖြင့် ယာဉ်အသင်းများ ပြေလည်သွားနိုင်သည်ဟု ၄င်းကသုံးသပ်သည်။
- “ကားကြီးဝင်းအသစ်မှာ တိုက်ခန်းနေရာ ဝယ်ဖို့ကလဲ ဈေးကအရမ်းကြီးနေတော့ ဝယ်ဖို့ ကအခက်အခဲရှိတယ်။ အစိုးရ၊ စည်ပင်နဲ့ ကုမ္ပဏီတွေဖက်ကနေပြီး ကျနော်တို့ ယာဉ်အသင်းတွေကို သက်ညှာ ပြီး ဈေးနှုန်းနဲနဲလျှော့ပေါ့ပေးရင်တော့ ကောင်းမယ်လို့ထင်ပါတယ်။ ဒါမှလဲအားလုံးပြေလည်သွားလိမ့်မယ်။ အခု ဒီဈေးနဲ့ပဲ ဒီနေ့ဒီရက် မဖြစ်မနေပြောင်းရမယ် ဆိုရင်တော့ ဘယ်လိုမှကို အဆင်မပြေနိုင်ဘူး။” ဟု ဦးအေးဇော်ဇော် ကပြောသည်။
- ခရီးသွားပြည်သူများနှင့် ကုန်သည်လုပ်ငန်းလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်များမှလည်း ယခုကဲ့သို့ ကားကြီးဝင်းအသစ်မှ တိုက်ခန်းနေရာများ သိန်းခုနှစ်ရာနီးပါး ဈေးနှုန်းနှင့် ရောင်းချနေမှုအပေါ် ယာဉ်စီးခများနှင့် ကုန်တင်ပို့ရာ၌ တန်ဆာခနှုန်းထားများ မြှင့်တက်လာမည်ကို စိုးရိမ်နေပြီးလျှင် ဆက်လက်စောင့်ကြည့်နေရဆဲ ဖြစ်သည်ဟုဆိုသည်။
- “ကားကြီးဝင်းအသစ်က တိုက်ခန်းတွေကို သိန်းခုနှစ်ရာနီးပါးဆိုတော့ ဈေးနဲနဲများနေသလားလို့ ထင်မိတယ်။ တခုနဲ့တခု အားလုံးကဆက်စပ်နေတာဆိုတော့ ကားဂိတ်တွေက တိုက်ခန်းနေရာ ဈေးများရင် ကားခတွေ၊ တန်ဆာခတွေ ဈေးများလာမှာ စိုးတယ်။ ကုန်သည်တွေအတွက် တန်ဆာခများလာရင် ကုန်ဈေးနှုန်းတွေ ကြီးလာမြင့်လာမှာ စိုးရတယ်။ ပြောချင်တာက အဆင့်ဆင့်ဈေးနှုန်းကြီးမြှင့်ခြင်းရဲ့ ရိုက်ခတ်မှုကို ပြည်သူကပဲ ခါးစီးခံရမှာဆိုတော့ သင့်တင့်တဲ့ဈေးလေး ဖြစ်စေချင်ပါတယ်။”ဟု ဒေသခံကုန်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်မိုး ကပြောသည်။
- “သူတို့တိုက်ခန်းသိန်းခုနှစ်ရာနဲ့ ရောင်းတာအရေးမကြီးဘူး။ တော်ကြာ ကားခတွေဈေးတက်သွားမှဖြင့် ကျမတို့ ခရီးသွားပြည်သူတွေပဲ နစ်နာမှာ၊ တိုင်းပြည်တစ်ပြည်မှာ ဘယ်လိုကိစ္စပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ပြည်သူကိုပဲ လာဆောင့်တယ်ဆိုတာ သိဖို့လိုတယ်။” ဟု ခရီးသွားပြည်သူတစ်ဦးဖြစ်သူ ဒေါ်နန်လော့ဒ် ကပြောသည်။
- ယခုကားကြီးဝင်းမှ ကားဝင်းအသစ်သို့ ပြောင်းရွှေ့ရန် ရက်သတ်မှတ်ပေးထားခြင်းကိစ္စကို နောက်ဆုတ် ပေးရန်နှင့် ကားဝင်းအသစ်မှ တိုက်ခန်းနေရာ ဈေးနှုန်း သိန်းခုနှစ်ရာနီးပါးရှိနေခြင်းကို လျှော့ပေါ့ပေး ရန်တို့ အတွက် မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီနှင့် မော်တော်ယာဉ်အသင်း ပိုင်ရှင်များ ဆက်လက်ကြိုးစားနေပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဖြေလျှော့ပေးမည်ကိုလည်း ၄င်းတို့မှမျှော်လင့် လျှက်ရှိသည်။

Comments
Post a Comment