မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းအသစ်မှ အခန်းဈေးနှုန်းလျှော့ချပေးရန် မော်တော်ယာဉ် အသင်းများ တင်ပြတောင်းဆိုမှု အကျိုးသက်ရောက်မှုမရှိ

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းအသစ်မှ အခန်းဈေးနှုန်းလျှော့ချပေးရန် မော်တော်ယာဉ် အသင်းများ တင်ပြတောင်းဆိုမှု အကျိုးသက်ရောက်မှုမရှိ
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၂
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း ထွယ်ဆန်ရပ်ကွက်၊ လမ်းသွယ်(၁၀)ရှိ မြစ်ဖျားဧရာ အဝေးပြေးယာဉ် ရပ်နားစခန်းအသစ်မှ ကားဂိတ်ခန်းနှင့် ဆိုင်ခန်း ဈေးနှုန်းများ သိန်း(၇၀၀)ဝန်းကျင်ခန့်ဖြင့် ရောင်းချနေပြီဖြစ်ပြီး၊ ဈေးနှုန်း အလွန်မြင့်မားနေမှုကို မော်တော်ယာဉ်အသင်းများနှင့် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီ (ယ.က.တ)တို့ပူးပေါင်း၍ ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြတောင်းဆို ထားခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ဟု သိရသည်။ မြစ်ဖျားဧရာ ကားကြီးဝင်းအသစ်မှ ကားဂိတ်ခန်းနှင့် စားသောက်ဆိုင်ခန်းများကို ယခင် သတ်မှတ်ဈေးနှုန်းများနှင့်သာ ဆက်လက် ရောင်းချလျှက်ရှိပြီး ဈေးနှုန်း အပြောင်းအလဲ မရှိကြောင်း သိရသည်။
  • “ကားကြီးဝင်းအသစ်က အခန်းဈေးနှုန်းတွေက အရမ်းများနေတော့ ကားအသင်းပိုင်ရှင်တွေ အနေနဲ့က ဝယ်ယူဖနု့ အခက်အခဲဖြစ်နေကြတယ်။ အစိုးရအနေနဲ့ ဈေးနဲနဲလောက်ပြန်ညှိပေးမယ်ဆိုရင်တော့ ကောင်းမယ်။ အခုလက်ရှိ ကားဝင်းကလည်း သက်တမ်း(၃)နှစ်ကျန်သေးတော့ အားလုံးက ကျန်နေသေးတဲ့ သက်တမ်းလေးမှာ ဒီမှာဆက်လုပ်ချင်ကြသေးတယ်။ ဒါမှလဲ ဟိုမှာဝယ်ဖို့ နဲနဲ အဆင်ပြေနိုင်မယ်။ အဲ့ဒါကို ကျနော်တို့ ယကတနဲ့ ယာဉ်အသင်း ပိုင်ရှင်တွေ ဝိုင်းပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ” ဟု မြစ်ကြီးနားခရိုင် ပုဂ္ဂလိက မော်တော်ယာဉ်များ ကြီးကြပ်မှု ကော်မတီ (ယ.က.တ)ဥက္ကဌ ဦးအေးဇော်ဇော် ကပြောသည်။
  • ယာဉ်အသင်းပိုင်ရှင်များနှင့် ယ.က.တ တို့ပူပေါင်း၍ အစည်းဝေး ဆုံးဖြတ်ချက်အရ ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ မြစ်ဖျားဧရာ ကားကြီးဝင်းအသစ်မှ ကားဂိတ်အခန်းများနှင့် ဆိုင်ခန်းများ၏ ဈေးနှုန်းများ လျှော့ချပေးရန် တင်ပြတောက်းဆိုထားခဲ့သော်လည်း တစ်စုံတစ်ရာ ထိရောက်အောင်မြင်မှု မရရှိခဲ့ဘဲ၊ ယခင်စတင် သတ်မှတ်စဉ်က ဈေးနှုန်းများအတိုင်း ဆက်လက်ရောင်းချလျှက်ရှိကြောင်း သိရသည်။
  • "ကားကြီးဝင်းအသစ်က အခန်းခ ဈေးနှုန်းတွေကတော့ ကားဂိတ်အတွက်အခန်းက သိန်း(၆၉၄)သိန်း(၅)သောင်းပါ။ စားသောက်ဆိုင်တို့ ဘာတို့အတွက် ဆိုင်ခန်းဈေးက အလယ်ကအခန်းဆိုရင် သိန်း(၄၀၀)နဲ့ အစွန်ကအခန်း ထောင့်အခန်းဆိုရင် သိန်း(၄၅၀)ကျပ်ပါ။ အရင်ကစသတ်မှတ်တဲ့ နှုန်းထားအတိုင်းပါပဲ၊ အပြောင်းအလဲ မရှိပါဘူး။"ဟု မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်း၏ ဆိုင်ခန်းများ ရောင်းချရေးရုံးမှ မမိုင်းမိုင် ကပြောသည်။
  • အဆိုပါ ကားဝင်းအသစ်မှ ဆိုင်ခန်းများဈေးနှုန်းမြင့်မားနေမှုသည် ယခုအခါ ကားအသင်းပိုင်ရှင်များကို ရိုက်ခတ်လျှက်ရှိသော်လည်း နောင်တွင် ယာဉ်စီးခလက်မှတ် ဈေးနှုန်းများ တက်လာမည်ကို ပြည်သူများကလည်း စိုးရိမ်လျှက်ရှိသည်။
  • "အခုကတော့ ဆိုင်ခန်းဈေးတွေကြီးတော့ ကားအသင်း ပိုင်ရှင်တွေကို ထိတာပေါ့။ ဒါက သိပ်အရေးမကြီးဘူး၊ နောက်မှ အဲ့ဒီ အခန်းခတွေ ဈေးကြီးလို့ဆိုပြီး ယာဉ်စီးခတွေတက်လာမှဖြင့် ပြည်သူတွေပဲ နာမှာ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီဆို နောက်ဆုံးကျရင် ပြည်သူကိုပဲ လာလာဆောင့်တတ်လို့ ကျမတို့လဲ စိုးရိမ်ပါတယ်။"ဟု ဒေသခံပြည်တစ်ဦးဖြစ်သူ ဒေါ်တင်ညွှန့် ကပြောသည်။
  • ကားဝင်းအသစ်မှ အခန်းများ၏ဈေးနှုန်း မြင့်မားနေမှုသည် ကားအသင်းပိုင်ရှင်များကို များစွာရိုက်ခတ်လျှက်ရှိပြီး ၎င်းတို့မှ အခန်းဈေးနှုန်းများ လျှော့ချပေးသည်ဖြစ်စေ၊ အဌားစနစ်ဖြင့် ဌားရမ်းအသုံးပြုခွင့်ပြုသည်ဖြစ်စေ တစ်နည်းနည်းဖြင့် ဖြေလျှော့ပေးစေလိုကြောင်း သိရသည်။
  • မြစ်ဖျားဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဆိုင်ခန်းများနှင့် ကားဂိတ်ခန်းများကို ဦးရာလူစနစ်ဖြင့် စတင်ရောင်းချပေးနေပြီဖြစ်ရာ ယနေ့ချိန်ထိ စားသောက်ဆိုင်ခန်း ဝယ်ယူထားသူ(၃၀)ဦးနှင့် ကားဂိတ်ခန်းအတွက် ဝယ်ယူထားသူ (၁၈)ခန်းသာရှိသေးကြောင်း သိရသည်။
ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ