တပ်ကုန်းရပ်ကွက်တွင် မတ်ဖြစ်သူမှဓားနှင့်ခုတ်၍ မရီးဖြစ်သူအမျိုးသမီးသေဆုံး

တပ်ကုန်းရပ်ကွက်တွင် မတ်ဖြစ်သူမှဓားနှင့်ခုတ်၍ မရီးဖြစ်သူအမျိုးသမီးသေဆုံး
 
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၀
  • မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင်၊ ဒီဇင်ဘာ (၁၉)ရက် ညနေ၃နာရီခန့် မတ်ဖြစ်သူမှ ၎င်းအကို၏ အမျိုးသမီးကို တုတ်နှင့်ရိုက်ပြီး ဓားနှင့်ခုတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှ သိရသည်။
  • မြစ်ကြီးနားမြို့၊ နယ်မြေ(၁၀) ရာဒါကောင်း(B) တပ်ကုန်းရပ်ကွက်၊ အမှတ်(၂၇၂) တွင်နေထိုင်သော ကိုလဒီး(ဘ)ဦးရချက်ခါး၊ အသက်(၃၅)နှစ်၊ မှတ်ပုံတင်(မမှတ်မိ)၊ ကချင်/ခရစ်ယာန်၊ တောင်သူ ဖြစ်သူသည်၊ တစ်အိမ်ထဲနေသော ၎င်း၏အကိုရင်းဖြစ်သူ ဦးနော်အောင် နေအိမ်၌မရှိသည့် အချိန်တွင် ဦးနော်အောင် ၏ဇနီးဖြစ်သူ ဒေါ်ထဖူးကင်း၊ အသက်(၄၈)နှစ်၊ (ဘ)ဦးထဖူးရုံ၊ ၁/ပတအ(နိုင်)၀၀၇၄၇၇ ကိုင်ဆောင်သော ကချင်/ခရစ်ယာန်၊ တောင်သူလုပ်ငန်း လုပ်ကိုင်သူကို ၎င်းတို့အိမ်ရှေ့ရှိ၊ ကွပ်ပျစ်ကြမ်းပြင်ပေါ်တွင် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
  • ``သူ့အကိုအိမ်မှာမရှိတဲ့အချိန် သူ့အကိုရဲ့မိန်းမကို သူ့ညီက တုတ်နဲ့ရိုက်ပြီး ဓားနဲ့ခုတ်တဲ့ ဒဏ်ရာနဲ့ပဲ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသွားတာပါ၊ သူတို့မိသားစု အိမ်တွင်းရေး ပြသနာဘာရှိမလဲတော့ မသိဘူး´´ ဟု မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှ တပ်ကြပ်သက်နိုင်ဦး ကပြောသည်။
  • တရားလို ဦးနော်အောင်သည် လယ်ကွင်း၌ အလုပ်လုပ်နေစဉ် ၎င်း၏သား အသက်(၁၅)နှစ်ရှိ မောင်အောင်မိုင် ရောက်ရှိလာပြီး အကြောင်းစုံပြောပြခဲ့သဖြင့် အိမ်သို့ပြန်လာရာ နေအိမ်ခြံဝင်း၊ ခြေရင်းဘက်ရှိ ကွပ်ပျစ်ပေါ်တွင် ဇနီးဖြစ်သူမှာ နဖူးပြတ်ရှ၊ ယာဒူးအောက်ပြတ်ရှ၊ အထက်နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ အပေါ်ရှေ့ သွား(၁)ချောင်းကျိုး၊ ခါး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေပြီး လဒီး မှာထွက်ပြေးသွားကြောင်း မြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
  • “လဒီး ကသူ့မရီးကို ရိုက်ပြီး အဲ့ဒီအိမ်ကနေ ထွက်ပြေးလာပြီး သူ့အမျိုးအိမ်ဝင်းထဲ ဝင်ပြေးတာ အဲ့ဒီအိမ် ဝင်းထဲက ကောင်မလေးတစ်ယောက်ကို ပြန်ထပ်ရိုက်တာ ဒဏ်ရာတော့မများဘူး။ အဲ့ဒီအိမ်ဝင်းထဲမှာပဲ ကျွန်တော်တို့က တရားခံကိုပိတ်ဆို့ထားပြီး ရဲတွေနဲ့ပူးပေါင်းဖမ်းဆီးလိုက်တာ၊ လဒီး ကစိတ်မနှံတဲ့စာရင်းတော့ မဝင်ဘူး၊ ဖားကန့်ဘက်က ပြန်လာတာတော့ မကြာသေးဘူး။ ဟိုမှာ မူးယစ်ဆေးဝါးတွေဘာတွေ သုံးစွဲခဲ့လား တော့မသိဘူး၊ သူ့သူငယ်ချင်းတွေတောင် အရမ်းအံသြနေတာ”ဟု တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော် ကပြောသည်။
  • အဆိုပါ တရားခံဟု ယူဆရသူ ကိုလဒီး (ဘ)ဦးရချက်ခါး၊ မှတ်ပုံတင်(မမှတ်မိ)၊ ကချင်/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၂၇၂)တပ်ကုန်းရပ်ကွက်နေသူကို မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းတွင် အမှုအမှတ် (ပ)၄၀၁/၂၀၁၇ အရအမှုရေးဖွင့်ထားပြီး ပုဒ်မ၃၀၂/၃၂၅/၄၄၇ (လူသေစေမှု/ အပြင်းအထန်နာကျင်စေမှု/ ရာဇဝတ်မကင်းသော ကျော်နင်းမှု ) တို့ဖြင့် (တစ်အိမ်တည်းနေသူ) အစ်ကိုရင်းဖြစ်သူ ဦးနော်အောင်မှ တရားလိုပြုလုပ်၍၊ အမှုရေးဖွင့်ထားသည်။
                                                                    မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ