ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ ပေးရေး အလှူငွေကျပ်သိန်း၃၀၀၀ခန့် ပေးအပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ ပေးရေး အလှူငွေကျပ်သိန်း၃၀၀၀ခန့် ပေးအပ်
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၁
- ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအဆင့်မှမြို့နယ်၊ ခရိုင်အဆင့်အသီးသီးအထိ ကောက်ခံရရှိသော အလှူငွေများ ၊လုပ်ငန်းရှင် များမှ လှူဒါန်းငွေများ စုစုပေါင်း ကျပ်သိန်း(၂၈၇၇၂၂၈၀၀)ကျပ်နှင့် တရုတ်ယွမ်ငွေ(၁၀၂၀)ကို ယနေ့ ၂၀၁၇ခု၊ ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ မလိခခန်းမတွင် ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
- “ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း လှူဒါန်းခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးစတဲ့ လုပ်ငန်းတွေကို တစ်နိုင်ငံလုံး အုံ့အုံ့ကြွတ် ကြွတ်လုပ်နေကြပါပြီ။ ဒီလိုအချိန်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ပေးကြတဲ့ ကူညီလှူဒါန်း ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။” ဟု ရခိုင်ပြည်နယ်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးရေး ကော်မတီ ဥက္ကဌဖြစ်သူ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ကပြောသည်။
- ၄င်းအလှူငွေကောက်ခံလှူဒါန်းမှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်၊ သီတာရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လည်း ယခုလှူဒါန်းမှုတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်သင့်ကြောင်း၊ ပြည်ပမီဒီယာအချို့၏ မမှန် သတင်းများကြောင့် ကမ္ဘာ့နိုင်ငံများမှ အထင်အမြင်လွဲမှားမှုများရှိသည့်အတွက် ယခုကဲ့သို့ လှူဒါန်းကူညီပြီး မြန်မာပြည်သူများ၏ သဘောထားကြီးမှုကို ပြသသင့်ကြောင်း ၄င်းကပြောသည်။
- “ဒီအလှူက ကျနော်တို့မြန်မာပြည်သူတွေအနေနဲ့ လှူကိုလှူသင့်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ က အချို့မီဒီယာတွေရဲ့ မမှန်သတင်းတွေကြောင့် ကမ္ဘာ့နိုင်ငံတွေက အထင်အမြင်လွဲနေတာတွေရှိတယ်။ ဒါကြောင့် ခုလိုဒီအလှူမှာပါဝင်လှူဒါန်းပြီးတော့ ကျနော်တို့ မြန်မာပြည်သူတွေဟာ သဘောထားကြီးကြောင်း၊ လူမျိုးဘာသာ မခွဲခြားကြောင်း၊ လူသားခြင်းစာနာထောက်ထားကြောင်း ပြသဖို့လိုတယ်။ ဒါကြောင့် အားလုံး ပါဝင်လှူဒါန်းသင့်တယ်လို့ ပြောချင်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ်၊ သီတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး ကပြောသည်။
- အဆိုပါ ရခိုင်ပြည်နယ်အတွင်း လှူဒါန်းမည့်အလှူ၌ ပါဝင်လှူဒါန်းခဲ့သူများကလည်း ယခုအလှူအား စိတ်စေတနာသန့်သန့်နှင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာအတွက် စသည့်ခွဲခြား ခြင်းမျိုး မရှိဘဲလှူဒါန်သည့်အလှူဖြစ်ကာ ကောက်ခံရရှိငွေများကိုလည်း ပြည်ထောင်စုအစိုးရမှ လိုအပ်သည့် နေရာ သင့်တော်သည့် နေရာများတွင်အကျိုးရှိစွာ အသုံးချမည်ကို ယုံကြည်ကြောင်း ပြောသည်။
- ရပ်ကွက်၊ကျေးရွာများမှ တဆင့် မြို့နယ်၊ ခရိုင် အဆင့်ဆင့် ကောက်ခံရရှိငွေများနှင့် အခြားသော တစ်ဦးချင်းအလှူရှင်များအပြင် အစုလိုက်အလှူရှင်များ၊ လုပ်ငန်းရှင်များ အမြောက်အများ ပါဝင်လှူဒါန်းခဲ့ကြပြီး၊ ရရှိငွေများဖြစ်သော ကျပ်ငွေသိန်း(၂၈၇၇၂၂၈၀၀)နှင့် တရုတ်ယွမ်ငွေ(၁၀၂၀)ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ သို့ ပထမအကြိမ် ပေးအပ်ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့မှလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။



Comments
Post a Comment