“ဘိန်းခင်းများကိုလိုက်လံဖျက်ဆီးနေမည့်အစားမစိုက်ပျိုးမီအချိန်၌ ဘိန်းအစားထိုး စိုက်ပျိုးရေးသီးနှံများနှင့် နည်းပညာပေးခြင်းက ပို၍ကောင်းမွန်ပြီး၊ ပိုသင့်တော်ကြောင်း” အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း ပြောကြား

“ဘိန်းခင်းများကိုလိုက်လံဖျက်ဆီးနေမည့်အစားမစိုက်ပျိုးမီအချိန်၌ ဘိန်းအစားထိုး စိုက်ပျိုးရေးသီးနှံများနှင့် နည်းပညာပေးခြင်းက ပို၍ကောင်းမွန်ပြီး၊ ပိုသင့်တော်ကြောင်း” အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း ပြောကြား
 
EPN
ချီဖွေ၊ ဒီဇင်ဘာ၂၀
  • ကချင်အထူးဒေသ(၁) ဥက္ကဠကြီး၊ ထာဝရ ငြိမ်းချမ်းရေး အဖွဲ့ချုပ် ဒေသခေါင်းဆောင်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဦးဇခုန်တိန့်ယိန်း မှချီဖွေမြို့ နယ်အတွင်း တရုတ်မြန်မာနယ်စပ်ရှိ ဖီမော်ကျေးရွာ ဒေသတည်ငြိမ်အေးချမ်းရေးရုံးတွင် ဒေသပြည်သူ့စစ် ခေါင်းဆောင် များ၊ ဘာသာရေး အသင်းတော်များမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် ဒီဇင်ဘာလ(၁၆)ရက် နေ့က တွေ့ဆုံသော လူထုတွေ့ဆုံပွဲ၌ အစိုးရဌာနပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းခင်းများ လိုက်လံ ဖျက်ဆီးမှုနှင့် ပတ်သက်၍ မေးမြန်စဉ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
  • ယခုလအတွင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ စသည်တို့ပါဝင်သော အစိုးရဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလလယ်မှ စတင်ကာ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့အတွင်း၌ ဘိန်းခင်းများကို လိုက်လံဖျက် ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
  • အဆိုပါ ဘိန်းခင်းများဖျက်ဆီးခြင်းနှင့် ပတ်သက်၍ “မူးယစ်ဆေးဝါး နှိမ်နင်းတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပါ၊ ဘိန်းခင်းတွေဖျက်တယ်ဆိုတာလဲ ကောင်းတာပါပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ သီးနှံတွေ ရိတ်သိမ်း တော့မဲ့အချိန်ကျမှ သွားဖျက်ပေးတယ်ဆိုတာကတော့ သိပ်မကောင်းဘူးပေါ့။ တောင်ပေါ်ဒေသက တောင်သူ တွေမှာ တခြားစိုက်ပျိုးဖို့ အဆင်မပြေတာလဲရှိတယ်။ နည်းပညာမရှိတာလဲဖြစ်မယ်။ အခုသွားဖျက်ကြမဲ့ ဘိန်းခင်းတွေဆိုလဲ အကုန်အကျအများကြီးခံပြီး စိုက်ထားကြတာ၊ သီးနှံပေါ်မှဖျက်ပေးတာထက်စာရင် မစိုက်ခင်ကထဲက ဘိန်းစိုက်တောင်သူတွေကို ခေါ်ပြီး ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအတွက် နည်းပညာနဲ့ စိုက်ပျိုးစရိတ်တွေ ထုတ်ပေးပြီး၊ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် ထောက်ပံ့ကူညီပေးတာက ပိုဖြစ်သင့်ပြီး၊ ပိုကောင်းပါလိမ့်မယ်။” ဟု ကချင်အထူးဒေသ(၁) ဥက္ကကြီး၊ ထာဝရ ငြိမ်းချမ်းရေး အဖွဲ့ချုပ် ဒေသခေါင်းဆောင်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း ကပြောသည်။
  • ဘိန်းခင်းဖျက်ခြင်း အစီအစဉ်များကို အစိုးရမှ နှစ်စဉ်ကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကာ ယမန်နှစ်များက အဆိုပါ ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ကို သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ထူးခြားမှုအနေနှင့် ရဲတပ်ဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ဘိန်းခင်းများ လိုက်လံဖျက်ဆီးခြင်းကို လုပ်ဆောင်သွားမည်ဟု သိရသည်။
  • “အရင်ကနှစ်တိုင်း ထွေအုပ်ကပဲ ဦးဆောင်ပြီး လိုက်ဖျက်ခဲ့တာပါ။ ဒီနှစ်ကတော့ ထူးထူးခြားခြားလို့ ပြောရမှာပေါ့။ ရဲတပ်ဖွဲ့က ဦးစီးဦးဆောင်လုပ်ပြီး လိုက်ဖျက်ပါမယ်။ ဘိန်းခင်းဖျက်တယ်ဆိုတဲ့အခါ သီးနှံပေါ်မှဆိုတော့ သူတို့မှာလဲ ငွေအားလူအားအများကြီး ရင်းနှီးထားရတော့ ကျနော်တို့သွားဖျက်ရင် စိတ်ဆိုးချင်မှာပေါ့ဗျာ။ အမှန်တော့ ဘိန်းမစိုက်ခင်ထဲကို ဘိန်းအစားထိုးသီးနှံ စိုက်ဖို့ အသိပညာပေးတာတို့ နည်းပညာ၊ စိုက်ပျိုးရေးစရိတ်နဲ့ သီးနှံမျိုးတွေကို အခမဲ့ဖြန့်ဝေပေးသွားမယ်ဆိုရင် ပိုကောင်းပြီး ပိုထိရောက်နိုင်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ခုလိုပဲ စိုက်သူကစိုက် ဖျက်သူကဖျက် ဆိုတဲ့ ဒီသံသရာက လွတ်မှာမဟုတ်ဘူး။” ဟု ၄င်းဘိန်းဖျက်ရေးလုပ်ငန်း၌ ပါဝင်သော အရာရှိတစ်ဦးကဆိုသည်။
  • နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းတွင် အစိုးရဌာနဆိုင်ရာ ပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းစိုက်ပျိုး ရာ ဒေသများသို့ လိုက်လံဖျက်ဆီး နှိမ်နင်းမှုများ ပြုလုပ်နေပြီး နှစ်စဉ်လိုက်လံ ဖျက်ဆီးနေ သော်လည်း ပပျောက်သွားခြင်း မရှိဘဲ။ နှစ်စဉ် ဘိန်းစိုက်တောင်သူများမှ ဆက်လက်စိုက်ပျိုးနေကြဆဲ ဖြစ်ကြောင်း သိရသည်။
  • ထို့ကြောင့် ကချင်အထူးဒေသ(၁) ဥက္ကဠကြီး ဦးဇခုန်တိန့်ယိန်း ကဘိန်းစိုက်တောင်သူများကို ဘိန်းစိုက်ရာသီမစခင်၌ အားလုံးကိုခေါ်ယူကာ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရန်အတွက် အသိပညာပေးခြင်းများ ပြုလုပ်၍ အစားထိုးသီးနှံ စိုက်ပျိုးရန် မျိုးစေ့နှင့် အပင်ပေါက်များ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာများ မျှဝေပေးခြင်းတို့ ပြုလုပ်နိုင်ရန်အတွက် ယခုနှစ် ၂၀၁၇ခု နိုဝင်ဘာ (၁၉)ရက်နေ့ကဒေသခံပြည်သူ (၅၂)ဦး ၊ ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၃)ဦးစုစုပေါင်း (၆၅)ဦးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ထိန်ချုံးမြို့ အမှတ်(၁) နည်းပညာကောလိပ်ကျောင်း၌ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုဆိုင်ရာ သင်တန်းတက်ရောက်ရန် ပညာတော်သင် စေလွှတ်ထားပြီးဖြစ်သည်။ ၄င်းပညာတော်သင် လူငယ်များအနေနှင့် နိုဝင်ဘာလ (၂၀)ရက်မှ ဖေဖော်ဝါရီလ (၂၀)ရက်အထိ (၃)လကြာ သက်ဆိုင်ရာသင်တန်းများ တက်ရောက်သင်ယူပြီးစီး၍ ဒေသတွင်းတို့ ပြန်လည်ရောက်ရှိလာသည်နှင့် ဒေသခံဘိန်းစိုက်တောင်သူများကို ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနိုင်ရန် ဆက်လက်စီစဉ် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
  •     ထို့အပြင် ၄င်းတို့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရန်အတွက် ကူးပြောင်းကာလ၌ (၂)နှစ် သို့မဟုတ် (၃)နှစ်ခန့်ကို စားဝတ်နေရေး အဆင်ပြေစေရန် အစိုးရမှ ထောက်ပံ့ကူညီပေးသွားလျှင် များစွာထိ ရောက်မှုရှိမည်ဖြစ်ကြောင်း ဖီမော်ဒေသ၌ ဒေသခံပြည်သူ လူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကာ ၄င်းလူထုတွေ့ဆုံပွဲကို ဒေသပြည်သူ့စစ် ခေါင်းဆောင်များ၊ အသင်းတော်များမှ ဆရာများ၊ ရပ်မိရပ်ဖများ ပြည်သူများ စုစုပေါင်း(၁၅၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ