စိုက်ဘဏ်ချေးငွေပေးဆပ်ရန်အခက်အခဲဖြစ်နေသော တောင်သူဦးကြီးများ
စိုက်ဘဏ်ချေးငွေပေးဆပ်ရန်အခက်အခဲဖြစ်နေသော တောင်သူဦးကြီးများ
EPN
ဟိုပင် ဒီဇင်ဘာ၂၂
- ဟိုပင်မြို့၊တကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ယခုအချိန်မှစပြီးစိုက်ဘဏ်ချေးငွေများ ဆပ်နိုင်ကြောင်း ကြော်ငြာ ထားသော်လည်းတောင်သူများ အခက်အခဲများစွာနှင့်ရင်ဆိုင်နေရ သောကြောင့်လာရောက်ပေးဆပ်သူ အနည်းငယ်သာရှိ သေးကြောင်း သိရသည်။
- အချို့တောင်သူများသည်မိုးစပါးစိုက်ရန်အတွက်ချေးငွေယူရာတွင်နိုင်ငံတော်မှချေးပေးသောချေငွေတစ်ခုတည်း သာမဟုတ်ဘဲ၊သမနှင့် မြစိမ်းရောင် တို့တွင်လည်းချေးငွေများချေး ယူထားသောကြောင့်ပြန်လည်ပေးဆပ်ရာတွင်တစ်ချိန် တည်းဖြစ်နေသည့်အတွက်အခက်အခဲဖြစ်နေကြောင်းတကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ကဆိုသည်။
- ”နိုင်ငံတော်ကတောင်သူတွေကိုအဆင်ပြေအောင်၊အခက်အခဲမဖြစ်အောင်လို့စေတနာထားပြီးချေးငွေတွေများများထုတ်ပေးခဲ့တယ်၊ဒါပေမယ့်လက်တွေ့မှာတော့တောင်သူတွေကငွေချေးပြီးလယ်ယာလုပ်ငန်းထဲကိုချေးငွေတစ်ဝက်လောက်ဘဲရင်းနှီးလုပ်ကိုင် နိုင်တယ်”ဟု တကွင်းအုပ်ချုပ်ရေးမှူးဦးလောမာန်ကပြောသည်။
- တောင်သူဦးကြီးများသည်ချေးငွေများရယူခဲ့ပြီးနောက်အမှန်တကယ်လယ်ယာထဲတွင်လိုအပ်နေသောလယ်ယာသုံးပစ္စည်းများကိုအနည်းငယ်သာအသုံးပြုနိုင်ပြီး၊ကလေးကျောင်းစရိတ်များတွင်အသုံးပြုရခြင်း၊အချို့မှာဆိုင်ကယ်၊လယ်ထွန် စက်စသည့်ပစ္စည်းများကိုဝယ်ယူလိုက်သည့်အတွက်၎င်းပစ္စည်းများသည်ငွေပြန်လည်ထွက်ရှိမှုမရှိသည့် အတွက် ချေးငွေ ပေးဆပ်ရာတွင်အခက်အခဲဖြစ်စေသောအချက်တစ်ချက်ဖြစ်သည်ဟု၎င်းက ဆက်ပြောသည်။
- ယခုနှစ်တွင်တောင်သူများချေးငွေပေးဆပ်ရန်အခက်အခဲဖြစ်နေသောအချက်ထဲတွင်စပါးဈေးနှုန်းများကောင်းခြင်း၊ မကောင်းခြင်းတွင်လည်းသက်ဆိုင်သည်ဟုတောင်သူဦးကြီးများကဆိုသည်။
- ”ချေးငွေဆပ်ချိန်ရောက်ရင်စပါးဈေးတွေကမကောင်းဘူး၊ဆပ်ပြီးသွားရင်တော့စပါးဈေးတွေကတက်လာတာ၊အမြဲ ကြုံနေရတယ်”ဟုတောင်သူလုပ်ငန်း လုပ်ကိုင်သူ ဒေါ်တင်လှိုင်ကပြောသည်။
- လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင်အရင်အနှီးများသောကြောင့်ထွက်ရှိလာသောစပါးများကိုလည်းဈေးကောင်း ရောင်ချနိုင်မှအဆင်ပြေနိုင်ကြောင်း၊တောင်သူများ၏တစ်လမ်းတည်းသောဝင်ငွေမှာလယ်ယာမှစပါးထွက်ရှိချိန်သာဖြစ်သောကြောင့်စပါးမထွက်ရှိချိန်တွင်ချေးငွေများကိုကျောင်းသားများအတွက်ကျောင်းစရိတ်အဖြစ်အသုံးပြုရကြောင်းတောင်သူများကဆိုသည်။
- စပါးဈေးများယခုထက်ကောင်းလာစေရန်မျော်လင့်ရင်းချေးငွေပေးဆပ်ရန်နောက်ဆုံးရက်အထိအချိန်စောင့်နေပြီး နောက်ဆုံးရက်ရောက်လာပါကရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေရှာဖွေပြီးဆပ်နိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်းတောင်သူဦး ကြီးများထံမှ သိရသည်။

Comments
Post a Comment