ဂျပန်ဦးနှောက်ရောင်ရောဂါ(JE) ကာကွယ်ဆေးထိုးခြင်းကြောင့် ဖားကန့်မှ ကလေးငယ်တစ်ဦး မြစ်ကြီးနားဆေးရုံတွင် ကုသမှုခံယူလျှက်ရှိ



ဂျပန်ဦးနှောက်ရောင်ရောဂါ(JE) ကာကွယ်ဆေးထိုးခြင်းကြောင့် ဖားကန့်မှ ကလေးငယ်တစ်ဦး မြစ်ကြီးနားဆေးရုံတွင် ကုသမှုခံယူလျှက်ရှိ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၂

  • ဂျပန်ဦးနှောက်ရောင်ရောဂါ(JE) ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ(၁၅)ရက်မှ စတင်ထိုးနှံပေးလျှက်ရှိရာ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းတက်နေသော ကျောင်းသား/သူများကို ပထမအဆင့် အနေဖြင့်ထိုးပေးနေခြင်းဖြစ်ပြီး ကချင်ပြည်နယ်တွင်းရှိ မြို့များ၌လည်း ထိုးပေးနေပြီဖြစ်သည်။

  • ၄င်းကဲ့သို့ JE ကာကွယ်ဆေးထိုးပေးနေရာ၌ မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများ၌ လိုက်လံထိုး ပေးစဉ်အတွင်း ဇီးလွန်၊ အထက်တန်းကျောင်းမှ (၈)တန်းကျောင်းသူတစ်ဦး၊ ဘေးထွက်ဆိုးကျိုးခံစားခဲ့ရပြီး၊ ယခု ဖားကန့်မြို့နယ်မှ အသက်(၅)နှစ်ခွဲခန့်ရှိ ကလေးတစ်ဦး ထပ်မံခံစားနေရကာ မြစ်ကြီးနားဆေးရုံကြီးသို့ တင်ပို့ကုသမှုခံယူနေရသည်ဟု သိရသည်။

  • ကလေးရဲ့အသက်က(၅)နှစ်ခွဲပါ။ အခုတော့ သက်သာလာပါပြီ။ မနေ့ကနေ့လည်လောက်က ကျနော်တို့ဆေးရုံကို ရောက်ခဲ့တာပါ။ မကြာခင် ဆင်းရမှာပါ။ သာမန်တချို့ ကာကွယ်ဆေးထိုးရင်ဖြစ်တဲ့ ခေါင်းမူးတာတို့ ဘာတို့ဖြစ်တာမျိုးပါ။ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ပါဘူး။ အခုထိတော့ ဆေးရုံတင်ရတဲ့ ကလေးမရှိသေးပါဘူး။ ဒီတစ်ယောက်ထဲ ရှိတာပါ။ ဒီကလေးကလဲ မကြာခင် ဆေးရုံဆင်းရမှာပါ။ မြစ်ကြီးနားမြို့နယ်ထဲကလဲ တခြားဆေးရုံတင်ကုသရတဲ့ လူနာမရှိသေးပါဘူး။ဟု မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော် ကပြောသည်။

  • ဂျပန်ဦးနှောက်ရောင်ရောဂါ(JE) ကာကွယ်ဆေးထိုးခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်သည်ဆိုသော သတင်းများထွက်ပေါ် လျှက်ရှိသောကြောင့် ဒေသခံကလေးမိဘများ စိုးရိမ်ပူပန်လျှက်ရှိပြီး၊ ကလေးသူငယ်များ ကို ၄င်းကာကွယ်ဆေး မထိုးပေးလိုသော မိဘများလည်းရှိနေကြောင်း သိရသည်။ သို့သော် ကချင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင် မှမိဘပြည်သူများကို ကာကွယ်ဆေး နှင့်ပတ်သက်၍ သတင်းစကားပါရာ၌ ဆေးထိုးသူဦးရေတစ်သန်းတွင် တစ်ယောက်ခန့်သာ ဘေးထွက်ဆိုးကျိုး ဖြစ်တတ်ကြောင်း ပြောကြားသည်။

  • အရမ်းစိုးရိမ်စရာမရှိပါဘူး။ ဒီကာကွယ်ဆေးထိုးတဲ့သူ အယောက်တစ်သန်းမှာမှ တစ်ယောက် လောက်သာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တာပါ။ အများစုကတော့ မဖြစ်ကြပါဘူး။ တခုတော့ရှိပါတယ်၊ အခြားသောက်နေတဲ့ဆေး မရှိရင်၊ ဒါမှမဟုတ် တခြားရောဂါအခံမရှိရင် မဖြစ်တာများပါတယ်။ တခြားရောဂါအခံ တခုခုရှိရင်တော့ မပြောတတ်ဘူးပေါ့။ ဟု ကချင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင် ကပြောသည်။

  • အဆိုပါ ကာကွယ်ဆေးထိုးခြင်းကြောင့် ကလေးများဆေးရုံတင် ကုသမှုခံယူရမှုများရှိပြီး၊ သေဆုံးသူ များလည်း ရှိနေပြီဖြစ်သည်ဟု အင်တာနက်၊ လူမှုကွန်ယက်စာမျက်နှာပေါ်၌ တွေ့မြင်ရသော သတင်းများ ကြောင့် ဆေးထိုးပေးခြင်းမပြုဟု မိခင်တစ်ဦးမှလည်း ယခုကဲ့သို့ပြောကြားသည်။ ကာကွယ်ဆေး ထိုးခြင်း ကြောင့်ဖြစ်သော နောက်ဆက်တွဲ အဖြစ်အပျက်များကို ပြည်သူလူထုထံသို့ တွင်တွင်ကျယ်ကျယ် ချပြရှင်းလင်း ပြောကြားသင့်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

  • ဖေ့ဘွတ်ခ် မှာတွေ့လိုက်ရတယ်လေ။ တောင်ကြီးမှာ ဒီဆေးထိုးလို့ ကလေး(၈)ယောက် ဆေးရုံတင် ရတယ်၊ တစ်ယောက်သေတယ်။ ဆိုတော့ ကိုယ့်ကလေးကို မထိုးပေးရဲဘူးဖြစ်နေတယ်။ ကျန်းမာရေးဌာနကလဲ မီဒီယာကနေပြီး ဘာကဘယ်လိုဖြစ်တယ်၊ မှန်တယ် မမှန်ဘူးဆိုတာတွေကို ချပြရှင်းလင်းသင့်တယ်လို့ထင် တယ်။ ခုတော့ အဲ့ဒီသတင်းက အမှန်လားအမှားလားလဲ မသိဘူး။ မှန်တယ်ဆိုလဲ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အကြောင်းမသိရဘူး။ ဒီတော့ ကျမတို့ပြည်သူတွေက ကြောက်တာပေါ့။ ကျမအထင် ဒီလိုကိစ္စမျိုးတွေကို တွင်တွင်ကျယ်ကျယ် ရှင်းလင်းချပြသင့်တယ်လို့ ထင်တယ်။ဟု အမှတ်(၉)အခြခံပညာအထက်တန်းကျောင်း၊ မြစ်ကြီးနားမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ခိုင်ဆုနောင် ကပြောသည်။

  • ဂျပန်ဦးနှောက်ရောင်(JE)ရောဂါ ကာကွယ်ဆေးထိုးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇ ခု၊ နိုဝင်ဘာ(၁၅)ရက်မှ (၂၃)ရက်အထိကို ပထမအကြိမ်အဖြစ် ကျောင်းနေမှတ်ပုံတင်ထားသော အသက်(၅)နှစ် မှ(၁၅)နှစ်အတွင်းကလေးများကို ထိုးနှံပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ၂၀၁၇ ခု၊ ဒီဇင်ဘာ(၁၁)ရက်မှ (၂၀)ရက်အထိကို အသက်(၉)လမှ(၅)နှစ်အထိ ကလေးသူငယ်များနှင့် (၁၅)နှစ်အထိ ကျောင်းမနေသော ကလေးသူငယ်များ၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးထိုးရန် လွတ်ကျန်ခဲ့ သော ကျောင်းသား/သူများကို ကောက်သင်းကောက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

                                                              ဘရန်ဆိုင်း


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ