ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးမှု ကျောင်းသား/သူ မိဘများ စိုးရိမ်
ဂျပန်ဦးနှောက်ရောင်ရောဂါ
ကာကွယ်ဆေးထိုးမှု ကျောင်းသား/သူ မိဘများ စိုးရိမ်
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ ၂၀
- ဂျပန်ဦးနှောက်ရောင်ရောဂါ(JE) ကာကွယ်ဆေးထိုးနှံမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုဝင်ဘာ (၁၅)ရက်နေ့မှ စတင်ထိုးပေးလျက်ရှိရာ ကချင်ပြည်နယ်၌လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဦးဆောင်၍ စတင်ထိုးပေးနေပြီဖြစ် ရာယင်းကာကွယ်ဆေးထိုးမှုများကို ကျောင်းသား /သူ မိဘအချို့က စိုးရိမ်မှုများရှိနေ ကြောင်းသိရသည်။
- ၎င်းကဲ့သို့ ကာကွယ်ဆေးထိုးခြင်း အစီအစဉ် စတင်သည့်နေ့မှစ၍ ဆေးထိုးသူ ကလေးသူငယ်(၈)ဦး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ဆေး၏ဘေးထွက် ဆိုးကျိုးများခံစားနေရပြီး ဆေးရုံတင်ပို့ ကုသမှုခံယူနေရ သည် ဟု သတင်းများကြောင့် ကျောင်းသား/သူ မိဘများက ယင်းကဲ့သို့စိုးရိမ်နေရခြင်းဖြစ်ကြောင်း သိရသည်။
- "ကျမကတော့ ကြားနေရတဲ့သတင်းတွေကြောင့် ကလေးကို မထိုးပေးရဲဘူး။ အရမ်းကြောက်တယ်။ ဒါကြောင့် အဲ့ဒီနေ့ကျရင် ကလေးကို ကျောင်းမပို့ဘူး။ ဒီဆေးကိုလဲ မထိုးပေးချင်ဘူး "ဟု မြစ်ကြီးနားမြို့၊ အထက(၉)မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်နန်ဂျာဆန် ကပြောသည်။
- အဆိုပါ ကာကွယ်ဆေးထိုးနှံသူများအနေနှင့် ရောဂါအခံမရှိလျှင် ဆေးကြောင့် သာမန်အဆင့် ခေါင်းမူး ခြင်းလောက်သာဖြစ်နိုင်ပြီး စိုးရိမ်စရာမရှိကြောင်းနှင့် လူတစ်သန်းတွင် တစ်ဦးခန့်သာ ဝေဒနာပြင်းထန်လေ့ရှိ သည်ဟု ဆိုသည်။ အခြားရောဂါအခံရှိသူများသာလျှင် ပြင်းထန်ဝေဒနာ ခံစားရလေ့ရှိကြောင်း သိရသည်။
- စက်တင်ဘာ(၂၄)ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးအတွင်းရှိ ဆမားဒူဝါဆင်ဝါးနောင် ခန်းမ၌ ကျင်းပပြုလုပ်သော ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း(၂၀၁၇) ပြည်နယ်အဆင့် အသိပေးရှင်းလင်းပွဲ တွင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်ကကာကွယ်ဆေးထိုး သူ ဦးရေတစ်သန်းတွင် တစ်ဦးခန့်သာ ဘေးထွက်ဆိုးကျိုး ခံစားရလေ့ရှိကြောင်း ပြောကြားခဲ့သည်။
- "ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတာရှိရင် ကျန်းမာရေး ဝန်ကြီးဌာန ဝက်ဆိုဒ် မှာ ဝင်ကြည့်နိုင်ပါတယ်။ ဆေးကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်တယ်ဆိုတာလဲ အခြားရောဂါအခံရှိလို့ ဖြစ်တာပါ။ ဒါကိုလဲ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေပါပြီ။ရောဂါအခံမရှိတဲ့သူတွေမှာ သာမန်အဆင့်ခေါင်းမူးတာ လောက် ပဲဖြစ်ပါတယ်။ ပြင်းထန်ဝေဒနာ ကတော့ တစ်သန်းမှာတစ်ယောက်လောက်သာ ရှားရှားပါးပါးဖြစ်လေ့ရှိတာပါ။ အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး “ဟု ကချင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင် ကပြောသည်။
- ဂျပန်ဦးနှောက်ရောင်ရောဂါ(JE)သည် ခြင်မှတဆင့်ကူးစက်ခြင်းဖြစ်ပြီး အဆိုပါရောဂါ ဗိုင်းရပ်စ်ပိုးရှိသော ကျွဲနွား၊ ဝက် စသည့် အိမ်မွေးတိရိစ္ဆာန်များကို ကိုက်ထားပြီး ရောဂါပိုးသယ်ဆောင်လာသော ခြင်မှလူကို ထပ်မံ ကိုက်မိခြင်းမှ ရောဂါကူးစက်ခြင်းဖြစ်ကြောင်း ၊ရောဂါပိုး ကူးစက်ခံရသူဦးရေ(၂၅၀)တွင် တစ်ဦးခန့်သာ ရောဂါ လက္ခဏာပြလေ့ရှိကာလက္ခဏာပေါ်လာသော လူနာသုံးပုံလျှင်တစ်ပုံခန့်သာကောင်းစွာ အသက်ရှင်နိုင်ကြောင်း၊ ကျန်နှစ်ပုံ၌တစ်ပုံမှာ အသက်ဆုံးရှုံးနိုင်ပြီး တစ်ပုံမှာ အသက်ရှင်နိုင်သော် လည်းဦးနှောက်နှင့်အာရုံကြော ထိခိုက်ပျက်စီး သွားနိုင်ကြောင်း၊ ၎င်းရောဂါအတွက် ယခုအထိကုသ နိုင် သော ဆေးဝါးမရှိသေးကြောင်း သိရသည်။
- အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါ (JE)ရောဂါသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော လယ်များ၊ အခင်းများနှင့် စမ်းချောင်းတောစပ်အနီး နေထိုင်သူများ ကျွဲ၊ နွား၊ဝက်၊ ကြက် စသည့် မွေးမြူရေးခြံများ အနီး နေထိုင်သူများတွင် အဖြစ်များအကြောင်းသိရသည်။
- အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအစုလိုက် ထိုးနှံပေးနေ ပြီဖြစ်ပြီး ၂၀၁၇ ခုအတွင်း နိုဝင်ဘာလ (၁၅)ရက်မှ(၂၃)အထိ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေ သော ကလေးများကို အခြေခံပညာကျောင်းများ၌ လိုက်လံထိုးနှပေးနေပြီး။ ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ(၁၁) ရက်မှ (၂၀)ရက်အထိကို အသက်(၉)လမှ(၅)နှစ်အတွင်း ကလေးများ၊ ကျောင်းမနေသော(၁၅)နှစ်အောက် ကလေးများနှင့် ပထမအကြိမ်ထိုးနှံပေးစဉ်က ကျန်ရစ်ခဲ့သူများကို ကောက်သင်းကောက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားလေ့ရှိသောအရှေ့တောင်အာရှနှင့်အနောက်ပစိဖိတ်ဒေသတို့ရှိနိုင်ငံပေါင်း(၂၄)နိုင်ငံတွင်ရောဂါဖြစ်ပွားမှုနှုန်းသည် လူဦးရေ(၁)သိန်း တွင်(၂)ဦးခန့်ဖြစ်ပြီး နှစ်စဉ်ရောဂါဖြစ်ပွားသူ အယောက် (၆၈၀၀၀)ခန့်နှင့်သေဆုံးသူ အယောက်(၂၀၄၀၀) ခန့်ရှိ သည်ဟုသိရသည်။
ဘရန်ဆိုင်း

Comments
Post a Comment