မြစ်ကြီးနားမြို့၊မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး၌နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့မှ မက်သာဒုန်းသောက်သုံးနေသူများကိုအခမဲ့ဓါတ်မှန်ရိုက်တီဘီရောဂါကုသပေးလျှက်ရှိ



မြစ်ကြီးနားမြို့၊မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး၌နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့မှ မက်သာဒုန်းသောက်သုံးနေသူများကိုအခမဲ့ဓါတ်မှန်ရိုက်တီဘီရောဂါကုသပေးလျှက်ရှိ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၇


  •      မြစ်ကြီးနားမြို့၊ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး၌ ကချင်ပြည်နယ်၊ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် နယ်လှည့်အခမဲ့ တီဘီရောဂါရှာဖွေကုသရေးအဖွဲ့မှ နိုဝင်ဘာ(၁၅)ရက်မှ (၁၉)ရက်နေ့အထိ (၅)ရက်တာကာလအတွင်းမူးယစ်ဆေးဝါးအစားထိုး(မက်သာဒုန်း) ကုသမှုခံယူလျှက်ရှိသောလူနာများကိုတီဘီရောဂါရှိ၊ မရှိဓါတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်းများဖြင့် ရောဂါရှာဖွေပေးလျှက် ရောဂါပိုးတွေ့ရှိသူများကိုဆေးဝါးကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။

  •         “မြန်မာနိုင်ငံမှာ နှစ်စဉ် တီဘီလူနာတစ်သိန်းလေးသောင်းကျော်လောက်ကိုကုသပေးနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကျမတို့နိုင်ငံမှာတစ်နှစ်ကိုတီဘီလူနာတစ်သိန်းကိုးသောင်းကျော်လောက် ရှိလိမ့်မယ်လို့ခန့်မှန်းထားတယ်။ဒါကြောင့်လူနာငါးသောင်းကျော်လောက်ဟာပြည်သူတွေထဲမှာတိမ်မြှုပ်ပျောက်ကွယ် နေတယ်လို့ယူဆတယ်။ အဲ့ဒီလူနာတွေကိုရှာဖွေဖော်ထုတ်ပြီးကုသဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူထဲကိုဆင်းပြီးလူနာရှာတဲ့အလုပ်ကိုလုပ်တာပါ။ဒီမိုဘိုင်းတင်းန်အနေနဲ့ကတီဘီလူနာအများဆုံးထွက်တဲ့နေရာတွေနဲ့ လူနာအထွက် အရမ်းနဲတဲ့နေရာတွေကိုအဓိကထားပြီးရောဂါရှာဖွေဖော်ထုတ်ပါတယ်။”ဟုကချင်ပြည်နယ်၊ တီဘီ/အနာကြီးရောဂါတိုက်ဖျက်ရေးမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသွယ်သွယ်စိမ်းကပြောသည်။

  • တီဘီလူနာအထွက်အများဆုံးနေရာများကိုကွင်းဆင်းရောဂါရှာဖွေဖော်ထုတ်ရခြင်းမှာရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံဖူးသူများ၌ ကူးစက်ခံရနိုင်ချေရာခိုင်နှုန်းများသည့်အတွက် အဓိကထားကွင်းဆင်းရခြင်းဖြစ်ပြီး၊ လူနာအထွက်နဲသောနေရာများကိုသွားရောက်ရခြင်းမှာအဘယ်ကြောင့် လူနာအထွက်နည်းရသနည်း၊ တနည်းအားဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးဝါးကုသမှုခံယူနိုင်ရန် ဝေလံခေါင်ပါးသောဒေသဖြစ်ခြင်းကြောင့်လော၊ ၄င်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့များအရောက်အပေါက်နည်းခြင်းကြောင့်လောစသည့် အချက်များကိုအခြေခံတီဘီရောဂါပိုးကူးစက်ခံထားရပြီးကုသမှုမခံယူရသောလူနာမရှိရစေရေးအတွက် အဓိကကွင်းဆင်းစစ်ဆေးရှာဖွေဖော်ထုတ်ကာကုသပေးရခြင်းဖြစ်သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

  • “ပြည်သူလူထုကိုတီဘီရောဂါနဲ့ ပတ်သက်ပြီးအသိအမြင် ဗဟုသုတကောင်းကောင်းရသွားစေချင်တယ်။ ဒီတီဘီရောဂါဆိုတာရှာဖွေဖော်ထုတ်ပြီးကုသလိုက်တယ်ဆိုရင် ပျောက်ကင်းတယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေကိုသိစေချင်တယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာရောကမ္ဘာမှာရောဒုက္ခပေးနေတဲ့ ဆေးယဉ်ပါတီဘီ ပြနာပေါ့။ မြန်မာနိုင်ငံကလည်းဆေးယဉ်ပါတီဘီအဖြစ်အများဆုံးနိုင်ငံတွေထဲမှာပါနေတယ်ဆိုတော့ ဆေးယဉ်ပါတီဘီတွေ နောက်ထပ်အများကြီး ဖြစ်မလာအောင် တီဘီရောဂါဖြစ်ခဲ့တယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကိုသတ်မှတ်ထားတဲ့ ကာလပြည့်တဲ့အထိသောက်ကြဖို့နဲ့ တီဘီနဲ့ပတ်သတ်တာမှန်သမျှကိုလည်းကျမတို့ တီဘီတိုက်ဖျက်ရေးဌာနမှာအကုန်အခမဲ့ရတယ်ဆိုတာသိစေချင်ပါတယ်။”ဟုဒေါက်တာသွယ်သွယ်စိမ်းကဆက်လက်ပြောကြားသည်။

  • လူထုအတွင်းသို့ ရောဂါရှာဖွေရေးကွင်းဆင်းဆောင်ရွက်ပေးသည့်အတွက် ရောဂါရှိ၊မရှိစမ်းသပ်လိုသောသူများအတွက် အဆင်ပြေပြီး၊ ရောဂါရှာဖွေတွေ့ရှိပါကလည်းတပြိုင်နက် ဆေးဝါးကုသပေးသည့် စနစ်ကိုကျင့်သုံးနေခြင်းကြောင့် Onestopservice ရသည့်အတွက် အဆင်ပြေချောမွေ့ပြီး၊ ဆေးရုံဆေးခန်းသွားရောက်စမ်းသပ်ရန် တကူးတကအချိန်မပေးနိုင်သူများအကြိုက်တွေ့ကြသည်ဟုဓါတ်မှန်ရိုက်ခဲ့သူများထံမှ သိရသည်။

  •          “အရင်ကတော့ ဒီလိုနယ်လှည့် ရောဂါရှာဖွေစမ်းသပ်တယ်ဆိုတာမကြားဖူး၊ မတွေ့ဖူးပါဘူး။ အရမ်းအဆင်ပြေပါတယ်။ တကူးတကကျတော့ သွားစမ်းသပ်ဖို့ အချိန်မပေးနိုင်လို့ စစ်ချင်ပေမဲ့ မစစ်ဖြစ်ဘူး။ ခုလိုလာစစ်ပေးတော့အဆင်ပြေသွားတယ်။ ရောဂါရှိ၊မရှိလဲချက်ခြင်းသိရပါတယ်။ နည်းပညာအဆင့်မြင့်လာတယ်ပြောရမယ်။လူတိုင်းစစ်ထားသင့်ပါတယ်။”ဟုမူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး၌ လာရောက်စမ်းသပ်ပေးစဉ် စမ်းသပ်မှုခံယူခဲ့သောကိုအငယ်လေးကပြောသည်။

  •        ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန၏ ဦးဆောင်ညွှန်ကြားကြီးကြပ်မှုဖြင့် နယ်လှည့်အခမဲ့ တီဘီရောဂါရှာဖွေကုသရေးအဖွဲ့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော AHRN တို့ပူးပေါင်းကချင်ပြည်နယ်အတွင်းရှိခရိုင်(၃)ခရိုင်မှ မြို့နယ်ပေါင်း(၁၄)မြို့နယ်တို့၌ တီဘီရောဂါကိုအခမဲ့ စမ်းသပ်ရှာဖွေကုသပေးလျှက်ရှိပြီး၊ သွားလာရေးအခက်အခဲရှိသောပူတာအိုခရိုင်အတွင်းရှိမြို့များသို့ သွားရောက်ကုသပေးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ AHRN အဖွဲ့မှ ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် တစိတ်တဒေသတို့ကိုတာဝန်ယူရှာဖွေ ကုသပေးလျှက်ရှပြီး၊နယ်လှည့်အခမဲ့ တီဘီရောဂါ ရှာဖွေကုသရေးအဖွဲ့မှ ကျန်မြို့နယ်များ၌ တစ်နေရာလျှင် ငါးရက်နှုန်းဖြင့် လိုက်လံစမ်းသပ်ရှာဖွေ ကုသပေးလျှက်ရှိသည်။ ယခု မြစ်ကြီးနားမြို့ရှိမူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီး၌ နိုဝင်ဘာ(၁၅)ရက်မှ ယနေ့(၁၇)ရက်အထိစမ်းသပ်ခဲ့ရာရောဂါပိုးတွေ့ရှိသူ(၄)ခန့်ကိုတွေ့ရှိကုသပေးနိုင်ခဲ့ပြီဖြစ်ပြီး(၁၉)ရက်နေ့အထိစမ်းသပ်ကုသပေးပြီးလျှင် မန်စီမြို့နယ်သို့ ဆက်လက်သွားရောက် ကုသပေးမည်ဖြစ်ကြောင်းသိရသည်။

                                                           ဘရန်ဆိုင်း


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ