မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၌ တည်ဆောက်လျှက်ရှိသော ဆက်သွယ်ရေးတာဝါတိုင်ကို ဒေသခံပြည်သူများ ဖျက်သိမ်းပေးစေလို



မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၌ တည်ဆောက်လျှက်ရှိသော ဆက်သွယ်ရေးတာဝါတိုင်ကို ဒေသခံပြည်သူများ ဖျက်သိမ်းပေးစေလို

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၄

  • မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၄)ရှိ ဦးသန်းထွန်းအောင် ပိုင်ဆိုင်သော မြို့မြေနေရာ၌ OCK Yangon Private Limited မှတာဝန်ယူ တည်ဆောက်လျှက်ရှိသော ဆက်သွယ်ရေးတာဝါတိုင် အမှတ် KC-0417 အားရပ်ကွက်နေ ပြည်သူများမှ ဆက်လက်မတည်ဆောက်စေလိုဘဲ၊ ဖျက်သိမ်းပေးစေလိုကြောင်း သိရသည်။

  • အဆိုပါ  တာဝါတိုင်စိုက်ထူထားသော နေရာသည် နှစ်စဉ်မြစ်ရေကြီးချိန်တွင် မြစ်ရေလျှံတက်ရာ ပင်မလမ်းကြောင်း ဖြစ်သည့်အပြင် မိုးရာသီ၌လည်း နှစ်စဉ်ရေဝပ်ဧရိယာဖြစ်နေခြင်းကြောင့် အဆိုပါ တာဝါတိုင် စိုက်ထူထားရာ နေရာ၏ အောက်ခံမြေသားသည် ဆယ့်နှစ်ရာသီအချိန်အခါမရွေး ငါးပေခန့်တူးလျှင် ရေထွက် သည့်နေရာဖြစ်သည့်အတွက် ယခုတာဝါတိုင်ကဲ့သို့ ကြီးမားလေးလံသော အဆောက်အဦထုထည်ကို ခံနိုင်ရည် မရှိသောကြောင့် အချိန်အခါမရွေး လဲပြိုကျကာ ပတ်ဝန်းကျင် အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည့် လေး ဖက်လေးတန်မှ ပတ်ဝန်းကျင်ပြည်သူများ၏ နေအိမ်များပေါ်သို့ကျရောက်လာနိုင်ပြီး၊ အသက်အိုးအိမ်စည်း စိမ် ကို ခြိမ်းခြောက်နေသည့်အလား စိုးရိမ်ပူပန်နေကြသည့်အတွက် ယင်းတည်ဆောက်မှုကို ဖျက်သိမ်းပေစေလို ခြင်းဖြစ်သည်။

  • ၄င်းအပြင် တာဝါတိုင်အနီးဝန်းကျင်ရှိ လူထု၏သဘောတူညီမှု ထောက်ခံချက် လက်မှတ်ရေးထိုးခြင်း ကိစ္စရပ်များ၌ ပွင့်လင်းမြင်သာမှုမရှိဘဲ၊ သဘော တူညီမှု ထောက်ခံမှုအပြည့်အဝ မရသောကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်မှုမရှိကာရပ်ကွက် နေပြည်သူများမှ ယခုကဲ့သို့ ကန့်ကွက်နေကြပြီးလျှင် ယခင်ကလည်း သက်ဆိုင်ရာ ဌာနအသီးသီးသို့ ကန့်ကွက် ကြောင်း တင်ပြခဲ့ဖူးသည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

  • ဒီတာဝါတိုင် ဆောက်နေတဲ့နေရာဟာ မိုးတွင်းမှာမိုးရေက ခါးလောက်၊ ရင်ဘတ်လောက် အမြဲရှိ တဲ့နေရာပါ။ နောက်မြစ်ရေများတက်လာခဲ့ရင် ထမင်းထုပ်ဝေပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ပေး နေရတဲ့ နေရာပါ။ ဒါကြောင့်လဲ ဒီနေရာမှာ တာဝါတိုင်ဆောက်တာ မလုပ်သင့်ဘူးဆိုပြီး ကျနော်တို့အားလုံး ဝိုင်းပြီး ကန့်ကွက်တားမြစ်နေရတာပါ။ အနီးဝန်းကျင်မှာနေတဲ့ သက်ကြီးရွယ်အိုတွေဆိုရင် ကြည့်ပြီးမှကို ကြောက်နေ ကြတာ၊ ဘယ်အချိန်မှာများ ငါ့အိမ်ပေါ်ကို ပြိုကျလာမလဲဆိုတဲ့စိတ်နဲ့ အချိန်တိုင်းစက္ကန့်နဲ့အမျှ ကြောက်စိတ် ဝင်နေကြတာပေါ့။ တာဝါတိုင်ကပ်လျှက်က အဘွားကြီးဆို ပြီးခဲ့တဲ့တစ်မိုးတွင်းလုံး သူ့သမီးအိမ်မှာ သွားနေ နေတာပြန်လာတာ နှစ်ရက်လောက်ပဲရှိသေးတယ်။ အဓိကပြောချင်တာက ဒီတာဝါတိုင်ဆောက်တာကို ကျနော်တို့အနီးဝန်းကျင်က ပြည်သူတွေစိုးရိမ်တယ်။ ပြိုကျမှာကြောက်တယ်။ ဒါကြောင့် ကန့်ကွက်ပြီး ဖျက်သိမ်းပေးဖို့တောင်းဆိုတယ်၊ ဒါပဲပြောချင်ပါတယ်။ ဟု အဆိုပါ တာဝါတိုင်ဆောက်နေသည့် နေရာ ကပ်လျှက်၌နေထိုင်သော ဦးမောင်လှ ဆိုသူကပြောကြားသည်။

  • တာဝါတိုင်တည်ဆောက်မှုကို ပတ်ဝန်းကျင်နေထိုင်သူ ပြည်သူများမှ ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် တားမြစ်နေပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် ၂၀၁၆ခု၊ နိုဝင်ဘာ(၅)ရက်က မြစ်ကြီးနားမြို့နယ်၊ အုပ်ချုပ် ရေးအမှူးရုံးသို့  ဆက်လက်အကြောင်းကြား ကန့်ကွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ဦးဆောင်သော အဖွဲ့မှ လာရောက်ကွင်းဆင်းစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တာဝန်ခံ ဆောက်လုပ်လျှက်ရှိသော OCK ကုမ္ပဏီ တာဝန်ခံနှင့် ကုမ္ပဏီရှေ့နေများကို ပြည်သူများအဆင်ပြေစေရေးအတွက် ညှိနှိုင်းဖြေရှင်းကြရန် လမ်းညွှန်ပေးခဲ့သော်လည်း ကုမ္ပဏီ တာဝန်ခံဖြစ်သူမှ ဖြေရှင်းမှုမပြုဘဲ၊ယခုနှစ် ဇူလိုင်လ(၁)ရက်မှ စလုပ်ငန်း ဆက်လက်လုပ်ကိုင် တည်ဆောက်ခဲ့ကြောင်း ယင်းဒေသခံများ၏ ပြောကြားချက်အရသိရသည်။

  •  အဖွားအိမ်ကိုလာပြီး အဲ့ဒီခြံပိုင်ရှင်နဲ့သားအဖက ဒီမှာတာဝါတိုင်ဆောက်မယ်။ လက်မှတ်ထိုးပေးပါ လို့ ပြောတယ်။ စာမတတ်တဲ့အဖွားက လက်မှတ်မှမထိုးတတ်တာ၊ တာဝါတိုင်ဆိုတာလဲ ဘာမှန်းကောင်း ကောင်း နားမလည်ဘူး။ အခုမှ ဒီလောက်ကြီး ဒီလိုကြီးမှန်း ကြောက်စရာကောင်းမှန်းသိတာလေ။ အစက တီဗွီတိုင် လောက်ထင်တာပါ။ အဖွားနဲ့ သူတို့ပြောတာတွေရယ်၊ အဖွားမှတ်ပုံတင်နံပါတ်ရယ်ကို မှတ်သွား ကြတယ်။ စာမတတ်တဲ့အဖွားက ဘယ်မှာလက်မှတ်ထိုးတတ်မှာလဲ။ လက်မှတ်ဆိုတာတောင် ဘာမှန်းသိတာ မဟုတ်ဘူး။ ဟု တာဝါတိုင် တည်ဆောက်နေသည့်မြေနေရာနှင့် ကပ်လျှက်နေ အဖွားဒေါ်သန်းရွှေ ကပြော ကြားသည်။

  • အဆိုပါ တာဝါတိုင် တည်ဆောက်နေမှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနသို့ သွားရောက်မေးမြန်းခဲ့ရာအရင်ကတားမြစ်ထားတာရှိပါတယ်။ တားမြစ်တယ်ဆိုတာကလဲ ကန့်ကွက်လို့ တားမြစ်တာပါ။ ဒီလိုပါပဲ၊ ကန့်ကွက်လာလို့ရှိရင် ခဏရပ် ဘာလို့ကန့်ကွက်တာလဲ၊ ကန့်ကွက်တဲ့ အကြောင်းကို အကျိုးအကြောင်း ခိုင်လုံစွာရှင်းပြ၊ တစ်ဖက်ကလဲ ဒါနဲ့ပတ်သက်ပြီး အကျိုးအကြောင်း ခိုင်လုံစွာ ပြန်ရှင်းပြ၊ ပြီးရင်ဒီတာဝါတိုင်တွေကို စီစစ်တဲ့အဖွဲ့အစည်းရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင် အနေနဲ့ ပါတယ်။ သက်ဆိုင်ရာဌာနတွေ အကုန်ပါတယ်၊ အင်ဂျင်နီယာတွေပါတယ်၊ ပညာရှင်တွေ အကုန်ပါ တယ်။ သက်ဆိုင်ရာဌာနတွေပါဝင်တဲ့ အဲ့ဒီအဖွဲ့ကနေ စစ်ပြီးတော့မှ ဖြစ်သင့်၏၊ မဖြစ်သင့်၏ ဆိုတာကို စိစစ်ပြီးမှ ကုမ္ပဏီဖက်ကလဲ ကန့်ကွက်တဲ့သူတွေ နားလည်အောင်လဲချပြ၊ ကန့်ကွက်သူတွေဖက်ကို ကျေနပ်အောင်လဲ ကုမ္ပဏီဖက်က ဘယ်လို၊ ဘယ်လိုဆောင်ရွက်ပေးဆိုတာကို ညှိနှိုင်းပေးရတာပေါ့။ ပြေလည်ပါတယ်၊ စိတ်မပူပါနဲ့ အများအားဖြင့်တောင် မဟုတ်ဘူး၊ အကုန်လုံးနီးနီး ပြေလည်သွားကြပါတယ်။ မကြာခင်အဆင်ပြေသွားမှာပါ။ ဟု မြစ်ကြီးနားမြို့နယ်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထက်အောင် ကပြောသည်။

  • ၄င်းတာဝါတိုင်သည် တယ်လီနော ဆက်သွယ်ရေးဖုန်းတာဝါတိုင်ဟု သိရပြီး၊ တာဝန်ယူတည်ဆောက် နေသော ဆောက်လုပ်ရေးကုမ္ပဏီမှာ OCK Yangon Private Limited မှဖြစ်ကာ တာဝန်ခံဖြစ်သူ ကိုစိုင်း ဆိုသူအား အကြိမ်ကြိမ်ဆက်သွယ်ပါသော်လည်း တွေ့ဆုံခွင့်မပေးဘဲ၊ ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပါ။

  • မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၄)ရှိ ဦးသန်းထွန်းအောင် ပိုင်ဆိုင်သော မြို့မြေနေရာ တွင် OCK Yangon Private Limited မှတာဝန်ယူတည်ဆောက်နေသော ဆက်သွယ်ရေး တာဝါတိုင်အမှတ် KC-0417 ကို၎င်းတာဝါတိုင်အနီး နေထိုင်သူများမှ ၂၀၁၆ ခု၊ နိုဝင်ဘာ(၅)ရက်က ကန့်ကွက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ဦးဆောင်သောအဖွဲ့မှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုမ္ပဏီ တာဝန်ရှိ သူများနှင့် ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းဖြေရှင်းကြရန် လမ်းညွှန်ပေးခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းခြင်းမရှိခဲ့ဘဲ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ (၂၆-၅-၂၀၁၇)ရက်စွဲဖြင့် ခွင့်ပြုမိန့်ထပ်မံတောင်းခံခဲ့ရာ အစိုးရအဖွဲ့မှလည်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၇/၂၀၁၇)တွင် သဘောတူကြောင်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၂၉-၅-၂၀၁၇) ရက်စွဲပါ စာအမှတ်၊ ၅/၈-၃(၁၇၁၇)ဖြင့် သတ်မှတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်နှင့် မလိုလားအပသော ပြဿနာများ မဖြစ် ပေါ်စေ ရေးအတွက် မြို့နယ်အုပ်ချုပါရေးမှူးမှတဆင့် လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြား စာ ပေးပို့ခဲ့သည်ဟု သိရသည်။

  • ၎င်းခွင့်ပြုမိန့်အရ ယခုနှစ်  ဇူလိုင်လ(၁)ရက်မှ လုပ်ငန်းများပြန်လည် လုပ်ကိုင်ခဲ့ပြီးဖြစ်ပြီး ဒေသခံများက  သက်ဆိုင်ရာဌာနအသီးသီးသို့ လျှောက်ထားကန့်ကွက်နိုင်သည့်အပြင် ဒေသခံ များအနေဖြင့် ယခုချိန်ထိ အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပြီး ၂၀၁၇ခု နိုဝင်ဘာ(၂၂)နေ့က မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ထံသို့လိပ်မူပြီး၊ တာဝါတိုင်အနီးနေထိုင်သူ (၂၄)ဦးပါဝင် လက်မှတ်ရေးထိုးကာ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အခြားသက်ဆိုင်ရာ ဌာနအသီးသီးသို့ ထပ်မံ တင်ပြကန့်ကွက်ထားကြောင်း သိရပြီး၊ သေခံများမှ အဆိုပါ တာဝါတိုင် ဖျက်သိမ်းပေးရေးကို မျှော်လင့်နေကြသည်။

                                                       ဘရန်ဆိုင်း
ပုံ ။ မြစ်ကြီးနား လယ်ကုန်ရပ်ကွက် နယ်မြေ (၁၄) တွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မှုကို နိုဝင်ဘာ ၂၃ ရက်နေ့တွေ့ရသည်။







Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ