မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် ပညာရှင်များအမြင်များကို တောင်သူများသိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၌ (၃)ရက်တာကျင်းပလျှက်ရှိ
မြေလွတ်၊
မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် ပညာရှင်များအမြင်များကို
တောင်သူများသိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၌ (၃)ရက်တာကျင်းပလျှက်ရှိ
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ ၂၃
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောင်ဝင်းအတွင်းရှိ မဂျွယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားနှင့် မြေယာအလုပ်လုပ်ကိုင်သူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့များ တက်ရောက်ဆွေးနွေးကြသော ၂၀၁၇ ခု၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် ကျွမ်းကျင်းသူများ၏ အမြင်သဘော ထားများကို တောင်သူများ သိရှိစေရန် (၃)ရက်တာဆွေးနွေးပွဲ ပြုလုပ်လျှက်ရှိပြီး ကချင်ပြည်နယ်ရှိ ခရိုင်(၄)ခရိုင်မှ မြို့နယ်ပေါင်းစုံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ရှိသူများ စုစုပေါင်း(၂၀၀)ကျော်ခန့် တက်ရောက်ဆွေးနွေးလျှက်ရှိကြောင်း သိရသည်။
- “ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကြားသိတွေ့ကြုံခဲ့ရတဲ့ မြေယာလောကသားတွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုများကို ထုတ်ဖော်နိုင်စေရန်နဲ့ ဖြေရှင်း ပေးနိုင်စေဖို့ပေါ့။ ၂၀၁၇ ခု၊ မြေလွတ်မြေရိုင်း ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ကျွမ်းကျင်သူတွေ ရဲ့အမြင် တွေကို တောင်သူတွေသိစေဖို့၊ ဒီဥပဒေကိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားမှတ် ချက်များကို တောင်သူများသိရှိစေရန်၊ ဒီဥပဒေအပေါ် တောင်သူတွေရဲ့သဘောထား အမြင် တွေကို ဖေါ်ထုတ် တင်ပြနိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်(၃)ခုနဲ့ လုပ်တာပါ” ဟု အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးစိုင်းသိန်းအောင် ကပြောသည်။
- အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ရရှိလာသောရလဒ်များပေါ် မူတည်၍ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်သွားမည်ဖြစ်ပြီး၊ တောင်သူများ၏ ရင်တွင်းခံစားချက်များမှ ထွက်ပေါ်လာသော အခက်အခဲများနှင့် စကားသံများကို ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ကာ မူဝါဒချမှတ်၍ဥပဒေ၏အစိတ်အပိုင်းတစ်ခုဖြစ်စေရေးအတွက် ပြောင်းလဲပုံဖော်သွားမည်ဖြစ်ကြောင်း ၄င်းကဆက် လက်ပြောကြားသည်။
- “(၃)ရက်တာဆွေးနွေးမှု ရလဒ်တွေကို သဘောထားထုတ်ပြန်ချက်အဖြစ် သက်ဆိုင်ရာ အစိုးရအသီး သီးကို ပေးပို့အသိပေး သွားမှာပါ။ တောင်သူတွေရဲ့ ရင်တွင်းဖြစ်စကားသံတွေနဲ့ အခက်အခဲတွေကိုလဲ ပညာရှင် တွေနဲ့ ပူးပေါင်းပြီး ဥပဒေ အစိတ်အပိုင်းတခုဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာပါ။ ဂရမ်အမှုတွဲထပ်နေတာ တွေ၊ မြေပေးမိန့်ထပ်နေတာတွေနဲ့ ပုံစံ(၇)တွေထပ်နေတာတွေ စတဲ့ပြဿနာနဲ့ အခြားပြဿနာတွေရှိပါတယ်။ အခြားကိစ္စတွေလဲ ရှိနေပါတယ်။ ဒါတွေပြေလည်ဖို့ ဒီဆွေးနွေးပွဲကို လုပ်တာပါ။” ဟု ၄င်းကဆက်လက် ပြောကြားသည်။
- ကချင်ပြည်နယ်တွင်း၌ ခရိုင်(၄)ခရိုင်နှင့် မြို့နယ်(၁၈)မြို့နယ်ရှိရာ ယခုဆွေးနွေးပွဲသည် ခရိုင် (၄) ခရိုင်လုံးနှင့် မြို့နယ်(၁၈)မြို့နယ်လုံးမှ မြေယာနှင့်အသက်မွေးဝမ်းကျောင်းပြုသူများနှင့် တောင်သူလယ် သမား အများစု၏ ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့အစည်းများ လွှတ်တော်ကိုယ်စားလှယ်များ များစွာ တက် ရောက်ပြီး မြေယာကိစ္စ ဆွေးနွေးသော ဆွေးနွေးပွဲတခုဖြစ်ပြီး ၄င်းဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်သည် မြေယာဖြင့် အသက်မွေးကြသူများအတွက် အမှန်တကယ် အကျိုးရှိနိုင်သော ရလဒ်တခုထွက်ပေါ်လာ လိမ့်မည်ဟု မြစ်ကြီးနားမြို့နေ ဒေသခံများမှလည်း သုံးသပ်ပြောဆိုမှုများရှိနေကြသည်။
- “ကချင်ပြည်နယ်တစ်ပြည်နယ်လုံးက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရော ပါတီတွေရော လွှတ်တော် ကိုယ်စားလှယ်တွေရော ကာယကံရှင်တွေဖြစ်တဲ့ တောင်သူတွေရော အားလုံးရဲ့ကိုယ်စားလှယ်တွေ ပါဝင်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲတခုမို့လို့ ကောင်းတဲ့ရလဒ်၊ မြေယာပိုင်ဆိုင် လုပ်ကိုင်တဲ့သူတွေအတွက် တကယ် အကျိုးရှိမဲ့ ဥပဒေအစိတ်အပိုင်းတခု ပေါ်ပေါက်လာလိမ့်မယ်လို့ ထင်ပါတယ်။ မျှော်လဲမျှော်လင့်မိပါတယ်၊ ဒီ ဆွေးနွေးပွဲဟာ အလဟဿမဖြစ်ဘူးဆိုတာတော့ ယုံတယ်။” ဟု မြစ်ကြီးနားမြို့နေ တောင်သူတစ်ဦးဖြစ်သူ ဦးဂျာလီ ကပြောသည်။
- အဆိုပါ ဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်နှင့်ဆွေးနွေးမှုအဖြေများကို ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ကာ မူဝါဒအဖြစ်တင်သွင်းပြီးလျှင် ဥပဒေအစိတ်အပိုင်းတစ်ခုဖြစ်စေရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဘရန်ဆိုင်း

Comments
Post a Comment