လူကုန်ကူးခံရသည့် မှုခင်းဖြစ်စဉ် ယခုနှစ်အတွင်းများပြားလာ
လူကုန်ကူးခံရသည့်
မှုခင်းဖြစ်စဉ် ယခုနှစ်အတွင်းများပြားလာ
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ၁၆
- ကချင်ပြည်နယ်တွင် လူကုန်ကူးခံရသည့် မှုခင်းဖြစ်စဉ်များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခု နှစ်အတွင်း များပြားလာကြောင်း မြစ်ကြီးနားမြို့လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
- လူကုန်ကူး ခံရသည့်အမှုစုစုပေါင်းမှာ ၂၀၁၅ခုနှစ်တွင် ၁၅မှု၊၂၀၁၆ခုနှစ်တွင် ၁၃မှုနှင့် ၂၀၁၇ခုနှစ် နိုဝင်ဘာ၁၅ရက်အထိ၂၇မှု ရှိသည်ဟု သိရသည်။
- ``လူကုန်ကူးမှု တိုးလာတဲ့ အကြာင်းက လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက လူကုန်ကူးခံထားရတာ ပေါ့နော် ကျွန်တော်တို့က ကျေးရွာတွေအထိ လူကုန်ကူးမခံရအောင် အသိပညာသွားပေးရင်းနဲ့ အခုမှ အမှုဖွင့် လာတာတွေပေါ့ အဲ့တာကြောင့် တိုးလာတာပါ အရင်တုန်းကတော့ လူကုန်ကူးမှု အဖြစ်များဆုံးလမ်းကြောင်းက တရုတ်ပြည်ကိုသွားတဲ့ လိုင်ဇာလမ်းပေါ့ အခုကလိုင်ဇာလမ်း ပိတ်သွားတော့ ကန်ပိုက်တည်၊လွယ်ဂျယ်လမ်းက အဖြစ်အများဆုံးပါ”ဟုမြစ်ကြီးနားမြို့လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု၁၂မှ ရဲမှုး အောင်မင်းကြည်က ပြောသည်။
- အဆိုပါ အသိပညာပေးဟောပြောပွဲများကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းများ စစ်ရှောင်စခန်း များ၊ရပ်ကွက်နေ ပြည်သူများကို လစဉ်ပြုလုပ်ပေးနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့ စု၁၂ မြစ်ကြီးနားမှ သိရသည်။
- ``လူကုန်ကူးမှု ဖြစ်ပွားခဲ့တဲ့ လူတွေထဲမှာ သာမာန်အရပ်သားတွေအပြင် ကျောင်းသူ၊ကျောင်းသား တွေလည်း ပါတယ် အသက်၁၈နှစ်ကနေ ၂၅နှစ်ကြား အမျိုးသမီးငယ်တွေ ပိုအဖြစ်များနေပါတယ် လူကုန်ကူးခံ ရတဲ့ လူမျိုးတွေကတော့ အစုံပဲ ရှမ်း၊ကချင်၊ဗမာ၊တွေပေါ့ ကချင်ကတော့ အများဆုံးပါ´´ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်လှိုင်စိုးကပြောသည်။
- ၂၀၁၅ခုနှစ်တွင် အမှုပေါင်း ၁၅မှုဖြစ်၍ လူကုန်ကူးခံရသူ ၂၀ဦးရှိပြီး၊၂၀၁၆ခုနှစ်တွင် အမှုပေါင်း ၁၃မှုနှင့် လူကုန်ကူးခံရသူ ၁၇ဦးရှိပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာ၁၅ရက်အထိ အမှုပေါင်း ၂၇မှု ဖြစ်ပွားခဲ့၍ လူကုန်ကူးခံရသူ ၃၉ဦးရှိသည်ဟု သိရသည်။
- လူကုန်ကူးသူ လူပွဲစားများ၏ စည်းရုံးပုံနည်းလမ်းများ၊ ဖြစ်ပွားခဲ့သော လူကုန်ကူးမှု မှုခင်းဖြစ်စဉ်များ၊ ရွေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံနှင့် လူကုန်ကူးမှုအကြောင်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဟောပြောပွဲများကို ယခုနှစ်အတွင်း ၁၃၂ကြိမ် ပြုလုပ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု၁၂ မြစ်ကြီးနားမှ စာရင်းများအရ သိရသည်။
(မီးမီး)

Comments
Post a Comment