နိုဇွန်ဘော်-အ.ထ.က ကျောင်းခွဲတွင် ပြောင်းရွှေ့သွားသော ဆရာ/မ များ အစားထိုးခန့်ထားမှုထပ်မံ ရောက်ရှိ မလာသေး

နိုဇွန်ဘော်-အ.ထ.က ကျောင်းခွဲတွင် ပြောင်းရွှေ့သွားသော ဆရာ/မ များ အစားထိုးခန့်ထားမှုထပ်မံ ရောက်ရှိ မလာသေး
 
EPN
ချီဖွေ နိုဝင်ဘာ ၁၀

  • ကချင်ပြည်နယ်    မြစ်ကြီးနားခရိုင်၊ချီဖွေမြို့နယ်အတွင်းရှိ နိုဇွန်ဘော်-အ.ထ.က ကျောင်းခွဲတွင် ပြောင်းရွှေ့သွား သော ဆရာ/မ  များ  အစားထိုးခန့်ထားမှုထပ်မံရောက်ရှိမလာသေးသည့်အတွက် ပညာသင်ကြားရာတွင် အခက်အခဲများကြုံတွေ့နေရကြောင့် ဆရာ/မ ဒေသခံများထံမှ သိရသည်။
  • နိုဇွန်ဘော် -အ.ထ.က(ခွဲ)ကျောင်းတွင် ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်အတွင်း သန့်ရှင်းရေးမှအစ ကျောင်း ဆရာ/မ စုစုပေါင်း ၂၁ ဦးရှိခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ကျောင်းအုပ်ဆရာ ကြီးအပါ အ၀င် ကျောင်းဆရာ/မစုစုပေါင်း ၉ ဦး ပြောင်းရွှေ့သွားခဲ့သဖြင့် ယခုအခါ ၁၃ ဦးသာ ကျန်ရှိနေကြောင်း ဒေသ ခံများက ပြောသည်။
  • ပြောင်းရွှေ့သွားသော ဆရာ/မများထဲမှ သုံးဦးသာ ပြန်ရောက်ပြီး လိုအပ်နေသောဆရာများထဲတွင် အင်္ဂလိပ်၊ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များကို သင်ကြားသည့် ဆရာများပါဝင်သဖြင့် ယခုစာသင်နှစ်တွင် ယင်းဘာသာရပ်များကိုသင်ကြားပေးနိုင်မည့်သူမရှိကြောင်း၊အဆိုပါ ဘာသာရပ်သင် ဆရာများကိုလည်း ယနေ့အချိန်ထိ ဖြည့်စွက်ခန့်ထားပေးခြင်း မရှိသည့်အတွက် ကျောင်းသူ/သားများ၏ ပညာသင်ကြားရေး တွင်လည်း အခက်အခဲများ ဖြစ် ပေါ်လျက်ရှိကြောင်း၊အဆိုပါလိုအပ်ချက်များအား တာဝန်ခံကျောင်းအုပ် ဆရာမကြီးမှလည်း  ပြည်နယ်ပညာရေးမှူးထံသို့ တင်ပြထား ကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဇယ်ဒေါင်က ရှင်းပြသည်။
  • ထို့ပြင် ကျောင်းအုပ်ဆရာကြီးမှာလည်း ပြောင်းရွှေ့သွားပြီဖြစ်သည့်အတွက် ကျောင်းနှင့်ပတ်သက် သည့် အရေးကိစ္စရပ်များကို တာဝန်ခံကျောင်းအုပ်ဖြင့်သာ ဆောင်ရွက်နေရကြောင်း သိရသည်။
  • "သြဂုတ်လကတည်းက ဆရာတွေကပြောင်းသွားကြတာ။အခုအချိန်ထိလည်း ဆရာအစားထိုး မပေးသေးဘူးဆို တော့ ကျောင်းသားတွေပညာသင်ကြားရေးက အတော်လေးခက်နေတယ်။ လေးလ ကျော်လောက်တောင်ရှိပြီလေ။တက္ကသိုလ်ဝင် တန်းစာ မေးပွဲကလည်း နီးလာပြီဆိုတော့ လိုအပ်တဲ့ ဘာသာရပ်သင်ဆရာတွေကို အမြန်ဆုံး ဖြည့်ဆည်းခန့်ထားပေးစေချင်ပါတယ်"ဟု ဦးဇယ် ဒေါင်က ပြောကြားခဲ့သည်။
  • နိုဇွန်ဘော် အ.ထ.က(ခွဲ)ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသူစုစုပေါင်းမှာ မူလတန်းအဆင့် ၉၆ ဦး၊အလယ်တန်း အဆင့် ၂၅၇ ဦး၊အထက်တန်းအဆင့် ၆၁ ဦးရှိကြောင်း သိရပြီး ဆရာ/မစုစုပေါင်းမှာ မူလ တန်းပြ ၆ ဦး၊အလယ်တန်းပြ ၄ ဦး၊အထက် တန်းပြ ၃ ဦးတို့သာရှိ၍  ကျောင်းအတွက် လိုအပ်သောဆရာ အင်အားမှာ ကျောင်းအုပ်ဆရာ/မကြီး တစ်ဦး၊အထက်တန်းပြ သုံးဦးနှင့် အလယ်တန်းပြ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
  • နိုဇွန်ဘော်အလယ်ကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ပေး ခဲ့သော်လည်း ဒသမတန်းအဆင့်ကို ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်ရောက်မှသာ စတင်သင်ကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  • နိုဇွန်ဘော်ကျေးရွာသည် ချီဖွေမြို့နယ်အတွင်းတွင် ပါရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးအခြေ အနေအရ မြစ်ကြီးနားမှ နိုဇွန်ဘော်ကျေးရွာသို့ သွားလိုပါက ချီဖွေမြို့တွင် တစ်ညအိပ်ပြီးမှသာ သွားရောက်နိုင် မည်ဖြစ်ရာ တစ်ကြိမ်လျှင်အသွား အပြန် နှစ်ရက်ခန့်ကြာမြင့်သည့် ခရီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
                                                      မင်းရာဇာ



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ