ACHC ကုမ္ပဏီ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၇ ခု မြစ်ဆုံစီမံကိန်း ပြန်လည်နေရာချထားရေး ကျေးရွာများပါဝင်ယှဉ်ပြိုင်သော “အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား”ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
ACHC ကုမ္ပဏီ၏
ကူညီပံ့ပိုးမှုဖြင့် ၂၀၁၇ ခု မြစ်ဆုံစီမံကိန်း ပြန်လည်နေရာချထားရေး ကျေးရွာများပါဝင်ယှဉ်ပြိုင်သော
“အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား”ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ
ကျင်းပပြီးစီး
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ ၁၁
- (၂၀၁၇)ခု၊ နိုဝင်ဘာလ(၁)ရက်က ACHC ကုမ္ပဏီ၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပခဲ့သော “အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန်စံပြကျေးရွာတို့၏ ချစ်ကြည်ရေး မိုးရာသီဘောလုံးပြိုင်ပွဲ”၏ ဗိုလ်လုပွဲစဉ်ကို ကျင်းပခဲ့ရာ တန်ဖရဲ(မြစ်ဆုံ)အသင်းနှင့် နယ်မြေ(၁၊၂)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး နယ်မြေ(၁၊၂)အသင်းက (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ၄င်းဗိုလ်လုပွဲစဉ်ကို အဆိုပါ ကျေးရွာနေပြည်သူ (၁၀၀)ကျော်မှ လာရောက်အားပေးခဲ့သည်။
- “အခုလို ဘောလုံးပွဲကြီးတစ်ခုလုံး အောင်မြင်စွာပြီးမြောက်ခဲ့လို့ အင်မတန်ဝမ်းသာပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ ရည်ရွယ်တဲ့ပွဲလည်း ပြီးမြောက်လို့ ဝမ်းသာရပါတယ်။ ဒီဘောလုံးပွဲကြောင့် အောင်မြင်သာ ကျေးရွာသူ၊ ကျေးရွာသားများ အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးမှုရခဲ့ပါတယ်။ ACHC ကုမ္ပဏီအနေဖြင့် ရွာရှိ ယဉ်ကျေးမှုပွဲနှင့် အားကစာပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ်ကျင်းပနိုင်ရန်အတွက် ဆက်လက်ပါဝင်နေအုံးမှာဖြစ်ပါတယ်။ လာမယ့်နှစ်မှာလည်း ဒီလိုပွဲများကို တွေ့ဆုံကျင်းပခွင့်ရရန် မျှော်လင့်တဲ့အပြင် ထိုကဲ့သို့ လှုပ်ရှားမှုများကြောင့် အောင်မြင်သာရွာ ကောင်းသည်ထက်ကောင်းလာအောင်နှင့် နာမည်ကြီးလာအောင် ကူညီပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။” ဟု ACHC ကုမ္ပဏီမှ တာဝန်ခံမန်နေဂျာတစ်ဦးဖြစ်သူ Mr. Gao Bin ကပြောသည်။
- အဆိုပါ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ACHC ကုမ္ပဏီမှ ရာနှုန်းပြည့် ပံ့ပိုးကူညီခဲ့ပြီး အသင်းပေါင်း(၈)သင်းပါဝင်ယှဉ်ပြိုင်၍ (၁၆)ရက်ကြာကျင်းပခဲ့ကြောင်းသိရသည်။ ၄င်းပြိုင်ပွဲကျင်းပခြင်းဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်နေရာချထားရေးကျေးရွာ(၂)ရွာ၏ စိတ်ဓါတ်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးနှင့် ရွာသူရွာသားများ သဟဇာတဖြစ်စေရေးအတွက် တွန်းအားပေးနိုင်၍ ကျေးရွာပြည်သူပြည်သားများ အချင်းချင်းလည်း ပိုမိုချစ်ခင်ရင်းနှီးလာကြောင်း သိရသည်။
- “ဒီလိုဘောလုံးပွဲတို့ဘာတို့ လုပ်ပေးတော့ကောင်းတာပေါ့။ ရွာသားတွေအချင်းချင်း ပိုရင်းနှီးလာပြီး၊ အားကစားကို ပိုစိတ်ဝင်စားလာတာတွေ့ရလို့ ဝမ်းသာပါတယ်။ ဒီလိုပွဲမျိုးတွေများများလုပ်ပေးမှ ကျနော်တို့ရွာကနေ ပြည်နယ်နဲ့ နိုင်ငံအတွက် ကိုယ်စားပြုနိုင်တဲ့ကစားသမားတွေပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။” ဟု အောင်မြင်သာ ကျေးရွာနေ ဦးခါးလီ ကပြောသည်။
- ပြိုင်ပွဲအပြီးတွင် ပထမဆုရအသင်းဖြစ်သည့် နယ်မြေ(၁၊၂)အသင်းကို အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမီတုံနော်ဂျာမှ ဆုဖလားနှင့် ငွေသားကျပ်တစ်သိန်း အပြင် တစ်ဦးချင်းရွှေဆွဲပြားဆုတံဆိပ်များကို ပေးအပ်ခဲ့ပြီး၊ ACHC ကုမ္ပဏီမှ မန်နေဂျာ Mr.Gao Bin မှ ဒုတိယဆုရအသင်းအား ငွေကျပ်ခုနှစ်သောင်းနှင့် တစ်ဦးချင်း ငွေဆွဲပြားဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ တတိယဆုရအသင်းကို ငွေကျပ်(၄၀၀၀၀)၊ ကျန်အသင်း(၅)သင်းကို ဇွဲဆု၊ နှစ်သိမ့်ဆုအဖြစ် ဆုငွေ(၂၀၀၀၀)ကျပ်စီချီးမြှင့်ခဲ့ပြီး ပွဲစဉ်တလျှောက် နေရာအလိုက်အကောင်းဆုံးဆုများအဖြစ် ဂိုးသမား အကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု တို့ကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
- အဆိုပါပြိုင်ပွဲကို အဓိကရာနှုန်းပြည့် ကူညီပံ့ပိုးပေးခဲ့သော ACHC ကုမ္ပဏီသည် ဧရာဝတီမြစ်ဆုံ မြစ်ညှာ၊မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း၏ ရင်းနှီးမြှုပ်နှံသူအနေဖြင့် ပြန်လည်နေရာချထားရေး ကျေးရွာနေ ပြည်သူပြည်သားများ၏ စားဝတ်နေရေး အခက်အခဲများကို ကူညီဖြေရှင်းပေးသည့်အပြင် ၄င်းကျေးရွာများ၌ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ၊ ရုပ်ရှင်ပြပွဲ၊ စကားပြောပြိုင်ပွဲ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ၊ ငှက်ဖျားရောဂါ အခမဲ့စစ်ဆေးကုသရေးလုပ်ငန်း အစရှိသည့် ပွဲများနှင့် ပရဟိတလုပ်ငန်းများကို အကြိမ်ပေါင်းများစွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ လုပ်ငန်းများသည် တာဝန်ယူသည့် စွမ်းအင်ကုမ္ပဏီ၏ ပုံရိပ်ကို ပြသနေခြင်းဖြစ်သည်။

Comments
Post a Comment