ကချင်ပြည်နယ် လက်ရွေးစင်ဟောင်းများအသင်း Old Star FC နှင့် ရုပ်ရှင်သရုပ်ဆောင် စွမ်း FC တို့ မိတ်ဆက် ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ
ကချင်ပြည်နယ် လက်ရွေးစင်ဟောင်းများအသင်း Old Star FC နှင့် ရုပ်ရှင်သရုပ်ဆောင် စွမ်း FC တို့ မိတ်ဆက် ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၈
- မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ ပြည်နယ်အားကစားကွင်း၌ ကချင်ပြည်နယ် လက်ရွေးစင်ဟောင်းများ အသင်း Old Star FC နှင့် ရုပ်ရှင်သရုပ်ဆောင် စွမ်း ၏ဘောလုံးအသင်းဖြစ်သောစွမ်း FC တို့သည် အောက်တိုဘာ (၇)ရက်နေ့ ညနေ(၄) နာရီတွင် မြို့နေလူထုနှင့် ရင်းနှီးချစ်ကြည်ရန်နှင့် ပြည်သူများမှ ဘောလုံးအားကစားကို ပိုမိုစိတ်ပါဝင်စားမှု ရှိလာစေရေးအတွက် ရည်ရွယ်ကာမိတ်ဆက် ချစ်ကြည်ရေး ဘောလုံးကစားခဲ့ကြကြောင်းသိရသည်။
- “အဓိကကတော့ လူထုအနေနဲ့ ဘောလုံးအားကစားကိုအခုထက်ပိုပြီးစိတ်ပါဝင်စားလာစေဖို့နဲ့ မူးယစ်ဆေးဝါးသုံးစွဲနေတာမျိုးတွေ လျော့နည်းဖို့ ပပျောက်စေဖို့၊ ကချင်ပြည်နယ် ဘောလုံးလောက တိုးတက်လာပြီး၊ မျိုးဆက်သစ် ခါးပြတ်နေတာကိုကုစားနိုင်ဖို့နဲ့ မျိုးဆက်သစ်တွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပါတယ်။ နောက်တခုကကျနော်တို့ အသင်းကလည်း တည်းထောင်ထားတာ မကြာသေးတော့ လူထုနဲ့မိတ်ဆက်တဲ့သဘောပေါ့။ ဒါကြောင့် လူထုစိတ်ဝင်စားအောင် စွမ်းကိုဖိတ်ပြီးကစားဖြစ်တာပါ။” ဟု Old Star FC အသင်း၏ အုပ်ချုပ်သူဦးဒန်းဗဟာဒူးကပြောသည်။
- အဆိုပါ ဘောလုံးပွဲကိုစီစဉ်ကစားရာ၌ အခြားသောအကျိုးအမြတ် တစုံတရာမျှော်ကိုးခြင်းမရှိဘဲ၊ မြစ်ကြီးနားမြို့နေ လူထုနှင့် ပိုမိုချစ်ကြည်ရင်းနှီးစေရန်သာ အဓိကထားစီစဉ် ဆောင်ရွက်ခဲ့ကာ လာရောက် ကစားပေးခြင်းဖြစ်ကြောင်း သရုပ်ဆောင် စွမ်းကပြောသည်။
- “မြစ်ကြီးနားမြို့က တာဝန်ရှိလူကြီးတွေရဲ့ စီစဉ်ပေးမှုနဲ့ ကျနော်တို့ စွမ်းဇာတ်သဘင်အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ပရိတ်သတ်တွေကိုပျော်ရွှင်စေဖို့နဲ့ အဓိကတော့ မြို့နေလူထုနဲ့ ချစ်ကြည်ရင်းနှီးစေဖို့ပါ။ အခြားအခြားသောအကျိုးအမြတ် ငွေကြေးရလိုမှု ဘာတခုမှမပါ ပါဘူး။ အနိုင်အရှုံးကအဓိကမကျပါဘူး။ ကျနော်တို့အဖွဲ့ မြစ်ကြီးနားရောက်ကတည်းက ညတိုင်းလိုလိုပရိတ်သတ်တွေ အပြည့်လာအားပေးတဲ့ အတွက် ပရိတ်သတ်ကိုပျော်စေဖို့နဲ့ ရင်းနှီးစေဖို့ပါ။” ဟု သရုပ်ဆောင် မင်းသားစွမ်းကပြောသည်။
- ယခုပွဲကိုအကျိုးအမြတ်ရရှိရေးအတွက် မဟုတ်ဘဲ၊ ကချင်ပြည်နယ် လက်ရွေးစင်ဟောင်းများ အသင်း Old Star FC ကိုတည်ထောင်ရန် ကြိုးစားခဲ့သည်မှာ (၆)လခန့်သာရှိသေးပြီးယခုစွမ်းသဘင်အဖွဲ့၏ စွမ်းFCနှင့် ယှဉ်ပြိုင်ကစာမည့်ပွဲသည် ၄င်းတို့ အသင်းအနေနှင့် ပထမဦးဆုံးသောပွဲဦးထွက် ပွဲစဉ်ဖြစ်သည့် အတွက် ကချင်ပြည်နယ်ရှိ ဘောလုံးချစ် ပရိတ်သတ်များနှင့် စတင်မိတ်ဆက်သောပွဲလည်း ဖြစ်သည် ဟု ပွဲစီစဉ်ရေးကော်မတီအဖွဲ့ဝင် ဦးဆန်းဦးက ပြောသည်။
- ၄င်းဘောလုံးပွဲစဉ်ကို ညနေ(၄)နာရီမှ စတင်ကစားခဲ့ရာပွဲအပြီးတွင် Old Star FCမှ (၃)ဂိုးနှင့် စွမ်းFCမှ (၁)ဖြင့် Old Star FC မှ အနိုင်ရရှိခဲ့ကြောင်းသိရသည်။





Comments
Post a Comment