မြစ်ကြီးနားမြို့၊ နာရီစင်မီးပွိုင့်မှ မူးယစ်ဆေးရုံအကျော်ထိလမ်းချဲ့ခြင်း၊ ခင်းခြင်းများကို နိုဝင်ဘာလအတွင်း အကောင်အထည်ဖော်မည်

မြစ်ကြီးနားမြို့၊ နာရီစင်မီးပွိုင့်မှ မူးယစ်ဆေးရုံအကျော်ထိလမ်းချဲ့ခြင်း၊ ခင်းခြင်းများကို နိုဝင်ဘာလအတွင်း အကောင်အထည်ဖော်မည်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၎
  • မြစ်ကြီးနားမြို့ လယ်ခေါင်ဖြစ်သောနာရီစင်မီးပွိုင့်မှ သီတာရပ်ကွက်ရှိ မူးယစ်ဆေးရုံအကျော်ထိ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းမကြီးအား (၁.၂၅)ကီလိုမီတာခန့်ကို ယခုအကျယ်ပေ (၄၄)ပေသာ ရှိသော လမ်းကိုပေအကျယ် (၆၀)အထိလမ်းချဲ့ခြင်း၊ ကတ္တရာပြန်လည်ခင်းခြင်းများ ပြုလုပ်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တည်ဆောက်ရေး(၁)လမ်းအထူးအဖွဲ့(၁) ဒုတိယညွှန်ကြား ရေးမှူးရုံး (ကြားစခန်း)မှ တာဝန်ယူကာကုန်ကျမည့်  ဘဏ္ဍာငွေများကို တွက်ချက်နေပြီ ဖြစ်ပြီး နိုဝင်ဘာလ အတွင်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟု သိရသည်။
  • “နာရီစင်ကနေ ဘိန်းဖြတ်ဆေးရုံအကျော်ထိ (၁.၂၅)ကီလိုမီတာကိုကတ္တရာပြန်ခင်းဖို့အတွက် အခု Survey ဆင်းနေပါပြီ။ နာရီစင်ကနေဆေးရုံကြီး ရှေ့နားမီးပွိုင့်ထိက အခုကိုပေ(၆၀)လောက်ရှိပါတယ်။ မီးပွိုင့်အကျော်ကနေ ဘိန်းဖြတ်ဆေးရုံအကျော် ကျနော်တို့ လုပ်မဲ့နေရာထိက (၄၄)ပေလောက်ပဲရှိတယ်။ ဒါကြောင့် လမ်းချဲ့တာတွေ၊ လမ်းလယ်ကျွန်းတွေကို ပြင်ဆင်လုပ်ကိုင်ရမယ်။ လုပ်ငန်းအားလုံးအတွက် ဘတ်ဂျက်ငွေကုန်ကျစရိတ် ဘယ်လောက်ကုန်ကျမလဲဆိုတာကို ပြည်နယ်အစိုးရအဖွဲ့ကို တွက်ချက်တင်ပြ ရမယ်။” ဟု လမ်းအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်ကပြောသည်။
  • နာရီစင်မှ ပြည်သူ့ဆေးရုံကြီးရှေ့ မီးပွိုင့်အထိလမ်းအကျယ်သည် ပေ(၆၀)ခန့်ရှိပြီး၊ ၄င်းမှ မူးယစ်ဆေးရုံအကျော်ထိ လမ်းအကျယ်သည် (၄၄)ပေခန့်သာရှိခြင်းကြောင့် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များ၌ လမ်းအသုံးပြုသူများပြားပြီးနေ့စဉ်အခက်အခဲနှင့် ကြုံတွေ့နေကြရကြောင်း မြို့နေလူထုထံမှ သိရသည်။
  • “ဆေးရုံကြီးမီးပွိုင့်ရဲ့ ဟိုဖက်ကလမ်းကျဉ်းတယ်။ မနက်နဲ့ညနေကျောင်းတက်၊ ကျောင်းဆင်းချိန် တွေဆို အရမ်းဒုက္ခရောက်တယ်။ ဒီလမ်းကလည်းသုံးတဲ့သူများတယ်လေ။ အ.ထ.ကကျောင်း(၃)ကျောင်း ဆုံတဲ့နေရာဖြစ်နေတော့ ကျောင်းသွားကျောင်းပြန်များတယ်။ လမ်းချဲ့ပေးရင်ကောင်းမှာပေါ့။ လမ်းကသာ ကျဉ်းနေတာ လမ်းလယ်ကျွန်းကတော့ အကြီးကြီးပဲ၊ ဘာအတွက်ထားတာလဲတော့ မသိဘူး။” ဟု မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၌ နေထိုင်သောကျောင်းသားမိဘတစ်ဦးဖြစ်သူဒေါ်နန်ဆိုင်းကပြောသည်။
  • မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းမကြီးအားယခုလမ်းအကျယ်မှ လမ်းချဲ့ခြင်း၊ အဆင့်မြင့် ကတ္တရာခင်းခြင်းများအပြင် လမ်းအလယ်၌ရှိသောလမ်းလယ်ကျွန်းကိုလည်းယခုကဲ့သို့ မထားရှိတော့ဘဲ၊ တစ်ပေခွဲသာရှိသောစတီးလက်ရန်းကိုပြောင်းလဲထားရှိမည်ဖြစ်ကြောင်းဆိုသည်။
  • လမ်းတဖက်တချပ်စီ၌ လမ်းပေါ်ရေမတင်စေရေး၊ ရေမဝပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး အတွက် ရေနုတ်မြောင်းကိုလည်းထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါ လမ်းတလျှောက် ကျယ်ဝန်းသောနေရာများ၌ ကားနှင့်ဆိုင်ကယ်များထားရှိရန်အတွက် ပါကင်ကိုလည်း တည်ဆောက် ပေးမည် ဟု သိရသည်။
  • ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းမကြီးအား လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းချဲ့ခြင်းများပြုလုပ်နေပြီဖြစ်ပြီး၊ အခုအခါ၌ မြစ်ကြီးနားမြို့လယ်ခေါင် ဖြစ်သော နာရီစင်မှ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးအကျော်အထိ (၁.၂၅)ကီလိုမီတာကို တည်ဆောက်ရေး(၁)၊ လမ်းအထူးအဖွဲ့(၁)မှ တာဝန်ယူကာကုန်ကျစရိတ် ဘတ်ဂျက်များတွက်ချက်နေပြီ ဖြစ်ကာ တွက်ချက်တိုင်းတာမှုများ ပြီးစီးပါက နိုဝင်ဘာလ၌ စတင်အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
                                                            ဘရန်ဆိုင်း




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ