ကြက်ခြေနီအခမ်းအနား တပ်ဖွဲ့ဝင်များ မူးလဲ၍ ရှေးဦးသူနာပြုစုနည်းဖြင့် လက်တွေ့ကုသပေးခဲ့ရ
ကြက်ခြေနီအခမ်းအနား တပ်ဖွဲ့ဝင်များ မူးလဲ၍ ရှေးဦးသူနာပြုစုနည်းဖြင့် လက်တွေ့ကုသပေးခဲ့ရ
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၅
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၅
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်အပ်ပွဲ အခမ်းအနားနှင့် ကတိသစ္စာခံယူပွဲကို ၂၀၁၇ခု၊ အောက်တိုဘာ(၁၄)ရက် နံနက်(၉)နာရီအချိန်က မိုးလုံလေလုံ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ ကြက်ခြေနီအခမ်းအနား တပ်ဖွဲ့ဝင်များ မူးလဲ၍ ရှေးဦးသူနာပြုစု နည်းဖြင့် လက်တွေ့ကုသပေးခဲ့ရကြောင်းသိရသည်။
- ကြက်ခြေနီတပ်ဖွဲ့ဝင်အင်အား (၂၂၀)ဦး၊ အခြေခံပညာကျောင်းများမှ ကြက်ခြေနီအသင်းဝင် (၁၀၀)ဦး၊ မြစ်ကြီးနား တက္ကသိုလ်မှ ကြက်ခြေနီအသင်းဝင်(၁၀)ဦးနှင့် အထက(၁)ကျောင်းမှ ဘင်ခရာတပ်ဖွဲ့ဝင်(၃၀)ဦးတို့မှ စစ်ရေးပြ ဂုဏ်ပြုအလေးပြုခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးချုပ်၊ ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
- ၄င်းအခမ်းအနားကျင်းပနေစဉ် အတွင်း တပ်ဖွဲ့ဝင် အမျိုးသမီး(၂)ဦးခန့် မူးလဲလာသောကြောင့် တန်းဖြုတ်ပေးခဲ့ရပြီး၊ အခမ်းအနားပြီးဆုံးချိန်တွင် တာလောကြီးကျေးရွာမှ တက်ရောက်လာသော အမျိုးသမီး တပ်ဖွဲ့ဝင်(၂)ဦး ထပ်မံမူးလဲခဲ့သောကြောင့် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ သင်ကြားထား ခဲ့သော ရှေးဦးသူနာပြုစုနည်းဖြင့် လက်တွေ့ဝိုင်းဝန်းပြုစုခဲ့ရကြောင်း သိရသည်။
- “ကလေးမလေးတွေက မနေ့ညက အိပ်ရေးပျက်တာရယ်၊ စစ်ရေးပြလုပ်ထားရတော့ ပင်ပန်း တာရယ်၊ မနက်ကတည်းက အစာမစားရသေးတာတွေကြောင့် အားနည်းလို့ မူးလဲတဲ့သဘောပါ။ ကျနော်တို့ ဝိုင်းပြုစုပေးလိုက်ရင် ခနဆိုကောင်းသွားမှာပါ။ တာလောကြီးကလာရတော့ ရေပြောင်းမြေပြောင်းလဲ ပါမှာပေါ့။ စိုးရိမ်စရာတော့ မရှိပါဘူး။” ဟု တာလောကြီးတိုက်နယ်မှ တက်ရောက်လာသော တာဝန်ခံ ဒုတပ်ဖွဲ့မှူး ဦးရဲလွင်ဦးကပြောသည်။
- အဆိုပါ တပ်အပ်ခြင်း အခမ်းအနားနှင့် ကတိသစ္စာခံယူပွဲ ကျင်းပပြုလုပ်ရန်အတွက် တပ်ဖွဲ့ဝင်များအနေနှင့် သီတင်းကျွတ် ကျောင်းပိတ်ရက်များကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ရသည်ဟု သိရသည်။
- အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများ၊ ပြည်နယ်အားကာမှ အရာရှိများ၊ အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ထွေ/အုပ်မှ အရာရှိများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များမှ တပ်ဖွဲ့ဝင်များနှင့် မြို့နီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သော မော်ဖောင်း၊ ရှဒေါင်၊ အကျဲ၊ လွယ်ခေါ၊ အူးလောက် စသည့်ကျေးရွာများမှ တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ ရပ်ဝေးမှ ဖြစ်သော တာလောကြီးတိုက်နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၄၀၀) နီးပါးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။





Comments
Post a Comment