မိုးညှင်းတွင် ယာဉ်အန္တရာယ်ကင်းစေဖို့ မီးပွိုင့်ထားရှိတော့မည်
မိုးညှင်းတွင် ယာဉ်အန္တရာယ်ကင်းစေဖို့ မီးပွိုင့်ထားရှိတော့မည်
EPN
မိုးညှင်း၊ အောက်တိုဘာ ၎
- မိုးညှင်းမြို့ပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် မီးပွိုင့်များတပ်ဆင်ပေးတော့မည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိက ပြောသည်။
- “မိုးညှင်းမြို့ပေါ်မှာ ပြည်ထောင်စုလမ်းမကြီးအနီးမှာရှိတဲ့ အရေးကြီးတဲ့လမ်းထောင့် နေရာ၃ ခုမှာ မီးပွိုင့်တွေကို တပ်ဆင်ပေးပါမယ် အခုလက်ရှိအနေအထား ဘတ်ဂျက်အရ လမ်းတံတားတွေ တည်ဆောက် တဲ့ငွေက လုပ်ငန်းပြောင်းလွဲလို့မရတော့လို့ သင်္ကြန်အပြီးနောက်ထပ်လာမဲ့ ဘတ်ဂျက်အတွင်းမှာ စည်ပင်ငွေနဲ့ တပ်ဆင်ပေးပါမယ် ကျွန်တော်လုံးဝအာမခံပါတယ်” ဟု မိုးညှင်းစည်ပင်အမှုဆောင်အရာရှိ ဦးကျော်လင်းက ပြောသည်။
- မိုးညှင်းမြို့သည် ခရိုင်မြို့ဖြစ်ပြီး ခေတ်စနစ်အရပြောင်းလဲလာသည်နှင့်အမျှ ဆိုင်ကယ် နှင့်ကားများ ပေါများလာသော်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စနစ်တကျ ထိန်းသိမ်းနိုင်သည့် မီးပွိုင့် မရှိသဖြင့် ယာဉ်မတော်တဆမှုများကို စနစ်တကျကာကွယ်ပေးနိုင်ရန် မီးပွိုင့်များထားသင့်ကြောင်း မိုးညှင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။
- “ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်းနဲ့ပါတ်သက်ပြီး ပညာပေးအနေနဲ့ ဟောပြော ပွဲ တွေအပြင် ပညာပေးဖမ်းဆီးရေးတွေ ပြုလုပ်နေပါတယ် မိုးညှင်းခရိုင်အဆင့်အနေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားနဲ့ ကြိုးစားဆောင်ရွက်နေပေမဲ့လည်း ပြည့်စုံလုံလောက်တဲ့ အနေအထား မရှိသေးပါဘူး မီးပွိုင့်တွေရှိနိုင်ရင်တော့ အားလုံးအတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်” ဟု မိုးညှင်းခရိုင် အမှတ်(၁၀၁)ယာဉ်ထိန်းတပ်ဖွဲ့စု မှ ဒုရဲမှူး မြင့်မိုး ကပြောသည်
- မိုးညှင်းမြို့တွင် လမ်းကြောရှုတ်ထွေးသည့် မိုးညှင်းသံတံတားအနီး ပြည်ထောင်စုကားလမ်းမကြီး နှင့် မိုးညှင်းမြို့မဈေးထောင့်၊ မိုးညှင်းဟိုတယ်အနီးရှိ ပြည်ထောင်စုကားလမ်းမကြီးနှင့် ဗိုလ်ချုပ် အောင်ဆန်း လမ်းထောင့်၊ အစိုးရအ.ထ.က(၁)ကျောင်းအနီး ပြည်ထောင်စုကားလမ်းမကြီးနှင့် ဧမာနွေလ ဘုရားကျောင်း အနီးရှိ လမ်းထောင့်စသည့် အရေးကြီးသော နေရာ(၃)နေရာတွင် မီးပွိုင့်တပ်ဆင်ပေးရန် လိုအပ် နေကြောင်း မိုးညှင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၏သုံးသပ်ချက်ကို စည်ပင်ကော်မတီ မှထောက်ခံခဲ့ကြောင်း သိရသည်။
- “မိုးညှင်းမြို့အနေနဲ့ ခရိုင်မြို့ဖြစ်ပြီး မီးပွိုင့်တွေမလုပ်ပေးနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ် အရေးကြီးဆုံး နေရာက အ.ထ.က(၁)ကျောင်းထောင့်က ကျောင်းသူကျောင်းသားတွေ ဖြတ်သန်းသွားလာနေပါတယ် ကားကြီးတွေ ဖြတ်သန်းသွားနေကြလို့ ကျောင်းသားလူငယ်တွေအတွက် အလွန်အန္တရာယ်များတဲ့ နေရာဖြစ်နေပါတယ် ဒါကြောင့် အရင်ဆုံးတပ်ဆင်ပေးသင့်တဲ့နေရာပါ” ဟု စည်ပင်ကော်မတီအဖွဲ့ဝင် ဦးစောဝင်းအောင်က ပြောသည်။
- အဆိုပါ မီးပွိုင့်များတည်ဆောက်ပေးသင့်သော နေရာ(၃)နေရာကို လာမည့် ၂၀၁၇-၂၀၁၈ စည်ပင် ဘတ်ဂျက်အတွင်း တစ်ခုပြီးတစ်ခု တည်ဆောက်ပေးမည်ဖြစ်ကြောင်း မိုးညှင်းစည်ပင်ညွှန်ကြားရေးမှူးထံမှ သိရသည်။
- အဆိုပါမီးပွိုင့်များကို ယခင်အစိုးရလက်ထက်က စည်းကမ်းပျက်ယာဉ်များအားဖမ်းဆီးစဉ် စည်းကမ်းပျက်ဒဏ်ငွေနှင့် ဖွံ့ဇြိုးရေးဒဏ်ငွေနှစ်မျိုးဖြင့် အရေးယူခဲ့ပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မိုးကောင်း မြို့နယ်တွင်လည်းကောင်း ၊မြစ်ကြီးနားမြို့တွင်လည်းကောင်း ၊ဗန်းမော်မြို့တွင်လည်းကောင်း တည်ဆောက် နိုင်ခဲ့ကြသော်လည်း ခရိုင်အဆင့်ရှိသော မိုးညှင်းမြို့တွင် တည်ဆောက်ခြင်းမပြုပေးနိုင်ဘဲ ကျန်ရှိခဲ့ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
- အစိုးရသစ်လက်ထက်၌ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ဒဏ်ငွေရိုက်ခြင်းအားခွင့်မပြုတော့ဘဲ တရားရုံးတွင် စည်းကမ်းပျက်ဒဏ်ငွေသာ ပေးဆောင်ကြရသဖြင့် မိုးညှင်းစည်ပင်ဦးစီးအရာရှိမှ စည်ပင်ငွေဖြင့် တည်ဆောက်ပေးမည် ဟု တာဝန်ယူခဲ့ကြောင်းသိရသည်။
- အဆိုပါ မီးပွိုင့်များတပ်ဆင်မှုအား နေရာတစ်နေရာအတွက် မီးတိုင်(၄)တိုင်နှင့် ဆက်စပ်ပစ္စည်းများ အပြည့်အစုံ၏တန်ဖိုးမှာ စည်ပင်ငွေကျပ်သိန်း(၇၀)ခန့်ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment