အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဋ္ဌစစ်ရှောင် ပြည်သူများနှင့်တွေ့ဆုံထောက်ပံ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဋ္ဌစစ်ရှောင် ပြည်သူများနှင့်တွေ့ဆုံထောက်ပံ့
EPN
မိုးကောင်း၊ အောက်တိုဘာ ၇
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဋ္ဌဒေါက်တာမေ၀င်းမြင့်နှင့် အဖွဲ့သည် မိုးကောင်းမြို့ ဘာသာရေးဦးဆောင်သူများနှင့် စစ်ရှောင်ပြည်သူများကို တွေ့ဆုံလှူဒါန်းထောက်ပံ့ခဲ့သည်။
- ဒေါက်တာမေ၀င်းမြင့်နှင့်အဖွဲ့သည် အောက်တိုဘာ ၇ရက် နံနက်(၈)နာရီတွင် ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတော၊ မဟောင်၊ နတ်ကြီးကုန်းစစ်ရှောင်စခန်း(IDPs Camp)များသို့ သွားရောက် ထောက်ပံ့မှုပေးခဲ့သည်။
- "ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဗဟိုအမျိုးသမီးကော်မတီနှင့် ကျန်းမာရေးကွန်ယက်တို့ကို စတင် ဖွဲ့စည်းထားတာ တစ်လသာကြာသေးကြောင်းနှင့် ဖွဲ့စည်းခဲ့ပြီး တစ်လအကြာမှာ စစ်ရှောင်စခန်းမှာ ထောက်ပံ့ဖို့ရွေးချယ်ရာတွင် လတ်တလောရခိုင်ပဋိပက္ခရှိနေသော်လည်း လုံခြုံရေးအခြေအနေကြောင့် မိမိတို့ဖောင်ဒေးရှင်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အလှူရှင်များ၊ ရွှေစင်္ကြာကုမ္ပဏီတို့၏ အကူအညီ အထောက်အပံ့ ပူးပေါင်းကာ ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများသို့ လာရောက်ထောက်ပံ့ခြင်း ဖြစ် ကြောင်း ဒေါက်တာမေ၀င်းမြင့်ကပြောသည်။
- "နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတ်လ၂၇ရက်နေ့က ဝိုင်းမော်မြို့နယ် မိုင်းနားဘက်စုံဖွံ့ဖြိုးရေးခြံမှာ ပြောသွားသလို စစ်ရှောင်စခန်းမှာနေကြတာ ၆နှစ်ကျော်ပြီ။ ဘာကျန်ခဲ့သလဲ တစ်ခုခုကျန်အောင် လုပ်ပေးပါဆိုလို့ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးတာအပြင် အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးပါတယ်။ တတ်ပြီးတဲ့သူတွေကို လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်အလုပ်ရှာပေးပါ တယ်။ ငါးဖမ်းနည်းသင်ပေးပါတယ် ငါးစာပါပေးပါတယ် ငါးဖမ်းပစ္စည်းတွေထောက်ပံ့ပါတယ်။ ကျနော်တို့ကို ဘာပြန်လုပ်ပေးစေချင်သလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင် လာမှသာ အောင်မြင်မှာဖြစ်လို့ ပူးပေါင်းပေးစေချင်ပါတယ်" ဟု ဒေါက်တာသင်းလွင်ကပြောသည်။
- ထို့နောက် စစ်ရှောင်စခန်း ၃ခုသို့ ဆန်အိတ် ၄၀အိတ်၊ ဆီတစ်ပိဿာဗူး ၄၀ဗူး၊ဗလာစာအုပ် ၆၇ ဒါဇင်၊ ဘောပင် ၆၇ဒါဇင်၊ ယံယံခေါက်ဆွဲဖါကြီး၃ဖါ၊ ကော်ဖီမစ်ထုပ်၊ သကြားလုံးထုပ်များ၊ အသက်၁၈နှစ် အထက်အတွက် အနွေးထည်နှင့် ဆေးဝါးပစ္စည်းမျိုးစုံကို ထောက်ပံ့ပေးအပ်ခဲ့သည်။
- ဆက်လက်၍ ဒေါက်တာမေ၀င်းမြင့်နှင့်အဖွဲ့သည် ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်နှင့် မဟာသမယ ဘုန်းတော်ကြီးကျောင်းများ၊ အမေ့မေတ္တာအခမဲ့ပညာဒါနစာသင်ကျောင်းများ သွားရောက်၍ လှူဒါန်း ထောက်ပံ့ခဲ့ကြသည်။
- ယနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဋ္ဌဒေါက်တာ မေ၀င်းမြင့်နှင့်အဖွဲ့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်မြသွေးစံ၊ မိုးမောက်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာသန်းဦးနှင့် မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။










Comments
Post a Comment