သမက်ကယောက္ခမကို ချွန်ထက်သောလက်နက်ဖြင့် ထိုး၍ သေဆုံးမှုဖြစ်ပွား
သမက်ကယောက္ခမကို ချွန်ထက်သောလက်နက်ဖြင့် ထိုး၍ သေဆုံးမှုဖြစ်ပွား
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၇
- သမက်ကယောက္ခမကို ချွန်ထက်သောလက်နက်ဖြင့် ထိုး၍ ယောက္ခမသေဆုံးသွားပြီး တရားခံ ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
- “တရားခံက ရန်ဖြစ်ထားတဲ့ သူ့မိန်းမကို ယောက္ခမအိမ်မှာ လာပြန်ခေါ်တာ သူ့မိန်းမ မရှိဘူးလို့ပြော လိုက်တော့ ခြံကျော်ဝင်ပြီး ယောက္ခမကို ထိုးသွားတာပါ တရားခံထွက်ပြေးသွားတယ် ဘာလက်နက်နဲ့ ထိုးတယ် ဆိုတာ အတိအကျပြောလို့မရသေးဘူး” ဟု မြို့မရဲစခန်းမှ တပ်ကြပ် ကိုသက်နိုင်ဦးကပြောသည်။
- မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ထီဝန်းနယ်မြေ ၃/၃၆တွင် နေထိုင်သော တရားလို ဦးဘဦးသည် အောက်တိုဘာ ၆ရက် ည၁၁ကျော် ၎င်း၏နေအိမ်တွင် ဇနီးဖြစ်သူ သေဆုံးသူ ဒေါ်အားတာဒွေ့နှင့် အိပ် ပျော်နေစဉ် တရားခံ အောင်လင်းမှာ မိမိ၏သမီး မတင်မာကြည်၏ အမည်ကို ခြံအပြင်မှ လှမ်းခေါ်စဉ် တရားလိုမှာ ထွက်မကြည့်သဖြင့် အောင်လင်းမှာ ခြံဝင်းကျော်၍ ဝင်ရောက်လာပြီး ၎င်း၏အမျိုးသမီးကို မေးရာမှ ဒေါ်အားတာဒွေ့သည် နေအိမ်အပြင်သို့ ထွက်၍ မတင်မာကြည်မှာ နေအိမ်တွင် မရှိကြောင်း ပြောပြခဲ့ရာ အောင်လင်းမှာ ပြန်မည် ဟု ပြောသဖြင့် ခြံဝင်းတခါးဖွင့်ပေးနေစဉ် သေဆုံးသူ၏ ယာဘက်ခြမ်း ကို ၎င်းလက်ထဲတွင်ပါလာသော ချွန်ထက်သော အရာတစ်ခုဖြင့် ထိုးစိုက်လိုက်သည်ကို မြင်ရပြီး (ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၁ချက် ဖြင့် သေဆုံးသွားပြီး) တရားလိုမှာ ဝင်၍ဆွဲရာ ၎င်း၏လက်ထဲမှ လက်နက်ဖြင့် နောက်ပြန်တွက်ပြီး ခြံဝင်း ကျော်၍ ထွက်ပြေးသွားခဲ့သည် ဟု မြို့မရဲစခန်း၏ မှတ်တမ်း များအရ သိရသည်။
- “လွန်ခဲ့တဲ့ ၂ပတ်လောက်ကတော့ လင်မယားနှစ်ယောက် ရပ်ကွက်ရုံး ရောက်လာပြီး မိန်းမက ကွဲချင်တယ်လို့ ပြောတယ် ပြန်စဉ်းစားခိုင်းနေတုန်း အခုတော့ အဲ့ဒီလိုတွေ ဖြစ်သွားတာပဲ ဓားနဲ့ထိုးတာလို့ တော့ ပြောတာပဲ ဆေးရုံမရောက်ခင် လမ်းခုလတ်မှာ ဆုံးသွားတာတဲ့” ဟု တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။
- အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသော အောင်လင်းအား အမှုအမှတ်( ပ)၃၄၂/၂၀၁၇ ပုဒ်မ ၃၀၂/၃၂၄(လူသတ်မှုအတွက် ပြစ်ဒဏ်၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် နာကျင်စေမှု)ဖြင့် တရားလို ဦးဘဦးမှ မြို့မရဲစခန်းတွင်အမှုရေးဖွင့်ထားကြောင်း သိရသည်။

Comments
Post a Comment