ကချင်ပြည်နယ်တွင် နှစ်လုံး၊ သုံးလုံး(ချဲ)ထီများ ပျောက်ကွယ်လုနီးပါးဖြစ်
ကချင်ပြည်နယ်တွင် နှစ်လုံး၊ သုံးလုံး(ချဲ)ထီများ ပျောက်ကွယ်လုနီးပါးဖြစ်
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၆
- ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့ အပါအဝင် အခြားသောမြို့များ၌ နှစ်လုံး၊ သုံးလုံး(ချဲထီ) လောင်းကစားများ ယခင်ကလောက် လူထုစိတ်ဝင်စားမှုမရှိတော့ဘဲ၊ ကစားသမား(ထိုးသူ) မရှိသလောက် နည်းပါးသွားပြီဖြစ်ပြီး၊ ကစားသူထိုးသားမရှိတော့ဘဲ ရောင်းအားကျဆင်းနေကြောင်း သိရသည်။
- “နှစ်လုံးကော သုံးလုံး(ချဲ)ကော ထိုးသားတွေကအရင်ကလောက် မရှိတော့ဘူး။ လူတွေက သိပ် စိတ်မဝင်စားကြတော့ ထိုးတဲ့သူအရမ်းကိုနည်းသွားပြီ။ ဘယ်လောက်နည်းသွားလဲမေးရင် မရှိသလောက်ကို နည်းသွားပြီလို့ ပြောရမယ်။ ပုံမှန်ကစားတဲ့သူ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိတော့တယ်။ ထိုးသား နည်းသွားတော့ ထိုးကြေးနည်းသွားတယ်။ ဒါကြောင့် ကျနော်တို့လည်း ကော်မရှင်အရနည်းသွားတာပေါ့။ ဒီနှစ်လုံး၊ သုံးလုံးတွေကိုရဲကဖမ်းပြီး နှိမ်နင်းစရာတောင် မလိုတော့ပါဘူး။ သူ့ဟာသူကိုလူတွေ စိတ်မဝင်စား တော့လို့ မထိုးကြတော့တာနဲ့ပဲ ပျောက်သွားမယ်လို့ ကျနော်ထင်ပါတယ်။” ဟု နှစ်လုံးသုံးလုံး(ချဲထီ) ကော်မရှင်ရောင်းသူကိုသိန်းဇော်က ပြောသည်။
- မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် သက်ဆိုင်ရာနယ်မြေရဲကင်း၊ ရဲစခန်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများအလိုက် နှစ်လုံး၊ သုံးလုံးချဲထီရောင်းသူရောကစားသူ(ထိုးသား) နှစ်ဦးစလုံးကိုပါ စဉ်ဆက်မပြတ် ဖမ်းဆီးအရေးယူလျှက်ရှိရာ အဆိုပါ နှစ်လုံး၊ သုံးလုံးချဲတို့ကို ပြည်သူလူထု၏ စိတ်ဝင်စားမှု လျော့နည်းလာခြင်းကြောင့်(၂၀၁၇)ခုနှစ်အတွင်း ဖမ်းဆီးရမိသော လောင်ကစားမှုများထဲ၌ နှစ်လုံး၊ သုံးလုံး ဖမ်းဆီးရမိသော အမှုများစွာကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
- “အဓိကတော့ ပြည်သူတွေအနေနဲ့ ဒီနှစ်လုံးသုံးလုံးလောင်းကစားကို စိတ်ဝင်စားမှုအားနည်း သွားလို့ပဲ ဖြစ်မှာပါ။ ကျနော်တို့ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ၊ သတင်းရရင်ဖမ်းမယ်။ အခါအားလျော်စွာ ပြည်နယ်အစီအစဉ်၊ ခရိုင်အစီအစဉ်နဲ့ စီမံချက်တွေချပြီးတော့ ဖမ်းဆီးတာမျိုးတွေရှိတယ်။ ကျနော်တို့က တော့ လောင်းကစားနဲနဲများများဖမ်းမှာပဲ၊ သတင်းပေးရင် သတင်းရရင်လဲဖမ်းမှာပါပဲ။ ဖမ်းတာလဲကျနော်တို့ စခန်းတခုထဲ မဟုတ်ပါဘူး၊ မြို့နယ်ရော၊ ခရိုင်ရော၊ ပြည်နယ်ရောအားလုံးကဖမ်းကြတာပါ။ လောင်းကစားမှ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဥပဒေနဲ့မလွတ်ကင်းရင် ဖမ်းမှာပါပဲ၊ ဖမ်းရမှာပဲ၊ ဒါကကျနော်တို့ရဲ့တာဝန်ပဲလေ။ ဒီနှစ်လုံး၊ သုံးလုံးပပျောက်ခြင်း၊ မပပျောက်ခြင်းကတော့ ပြည်သူရဲ့စိတ်ဝင်စားမှုပေါ်မှာပဲမူတည်ပြီး၊ စိတ်ဝင်စားမှု လျော့နည်းလာတဲ့အတွက် သူ့အလိုလိုပပျောက်လာတယ်လို့မြင်ပါတယ်။” ဟု မြစ်ကြီးနားမြို့မ စခန်းမှ စခန်းမှူး ဒုရဲမှူးကျော်နု ကပြောသည်။
- ကချင်ပြည်နယ်အတွင်း၌ နှစ်လုံး၊ သုံးလုံးချဲ လောင်းကစားသူများ လျော့နည်းလာနေပြီး ပပျောက် လုနီးပြီဖြစ်ကြောင်း ပြည်သူတစ်ဦးမှလည်းနှစ်လုံး၊ သုံးလုံးချဲများပပျောက်လာရခြင်း၏ အဓိကအကြောင်း အရင်းမှာ လူထု၏စိတ်ဝင်စားမှု လျော့နည်းလာခြင်းကြောင့်ဖြစ်ပြီး၊ လူထုအများစုမှာ ၄င်းလောင်းကစားကို စိတ်ဝင်စားခြင်းရှိလျှင်ပင် ကစား(ထိုး)ရန်အတွက် လိုအပ်သောငွေကြေးကို မတတ်နိုင်ကြတော့ဘဲ၊ လောင်း ကစားထက် စားဝတ်နေရေးကိုဦးစားပေးနေရပြီး၊ လောင်းကစားအတွက်သုံးစွဲရန် ငွေကြေးချောင် လည်ခြင်း မရှိတော့သည့်အတွက်ကြောင့် ဖြစ်ကြောင်း ပြည်သူတစ်ဦးဖြစ်သူ ဒေါ်လှလှသိန်းမှပြောသည်။
- ကချင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသော လောင်းကစားမှုအနေနှင့် ၂၀၁၆ခုနှစ်၌(၃၄)မှု ရှိခဲ့ပြီး ယခုနှစ်၂၀၁၇ခုနှစ်အတွင်း စက်တင်ဘာလထိ(၂၂)မှုရှိကြောင်း သိရသည်။

Comments
Post a Comment