တစ်လအတွင်း ကားယာဉ်မောင်းလိုင်စင် မပါ၍ ဒဏ်ငွေဆောင်ရသူဦးရေ ၂၀၀ကျော်ရှိ
တစ်လအတွင်း ကားယာဉ်မောင်းလိုင်စင် မပါ၍ ဒဏ်ငွေဆောင်ရသူဦးရေ ၂၀၀ကျော်ရှိ
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃
- မြစ်ကြီးနားမြို့တွင် စက်တင်ဘာလအတွင်း မော်တော်ကားမောင်းနှင်သူများ ယာဉ်မောင်းလိုင်စင် မပြသနိုင်၍ ဒဏ်ငွေ ဆောင်ရသည့်အမှု ၂၂၉မှုရှိကြောင်း အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- “ကျွန်တော်တို့ စစ်တာက ဒီလအတွင်းမှာ ယာဉ်မောင်းလိုင်စင် လုံးဝမရှိသူရော ရှိလျက်သားနဲ့ အိမ်မှာ မေ့ကျန်ခဲ့တဲ့သူရော ဒဏ်ငွေဆောင်ခိုင်းပါတယ် ချက်ချင်း တရားရုံးမှာ သွားဆောင်ခိုင်း တာပါ” ဟု ယင်းရုံးမှ ရဲအုပ် မြတ်မိုးအောင် ကပြောသည်။
- အဆိုပါ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းကို မြစ်ကြီးနားမြို့တွင် ပုံမှန် စစ်ဆေးခြင်း မဟုတ်ဘဲ လိုအပ်လျှင် လိုအပ်သလို ရှောင်တစ်ခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
- မြစ်ကြီးနား မြို့နယ်တရားရုံးတွင် မော်တော်ကား ယာဉ်မောင်းလိုင်စင် မရှိသူများအနေဖြင့် ဒဏ်ငွေ ၃၀၀၀၀နှင့် ယာဉ်ထိန်းရုံးတွင် ပေးဆောင်ရသော ဒဏ်ငွေ စီမံချက်အတွက် ၁၀၀၀၀ ပေးဆောင်ရပြီး လိုင်စင်ရှိသော်လည်း တစ်ပါတည်း မပြနိုင်သူများကို တရားရုံးတွင်ဒဏ်ငွေ ၁၀၀၀၀နှင့် ယာဉ်ထိန်းရုံးတွင် ၁၀၀၀၀ ပေးဆောင်ရပြီး ဒဏ်ကြေးဆောင်ပြီးပါက နေ့ချင်းပြီး ကား ထုတ်ယူနိုင်ကြောင်း သိရသည်။
- “(က) ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်ပြီး သုံးလကြာတော့ (ခ)လိုင်စင် (၃တန်အောက် ကားမောင်းလိုင်စင်)ကို ကညနမှာသွားလုပ်တာ ကိုယ်တိုင်လက်တွေ့စာမေးပွဲတစ်ရက်ဖြေခဲ့တာ လေးသောင်း ကုန်ခဲ့ပါတယ်” ဟု သွားရောက်ဖြေဆိုခဲ့သူတစ်ဦးမှ ပြောသည်။
- စက်တင်ဘာ ၁၄ရက်ကလည်း မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် မပါရှိသူများကို စစ်ဆေး အရေးယူရန် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းမြင့်က ညွှန်ကြားထားပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ စက်တင်ဘာလက တင်ပြအစီရင်ခံထားကြောင်း အမှတ်၉၈ မြစ်ကြီးနား ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- ၂၀၁၇ သြဂုတ်လအထိ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)၏ စာရင်းများအရ မြစ်ကြီးနားမြို့တွင် မော်တော်ယာဉ်စီးရေ ၆၇၇၇၃ရှိ၍၊ (ခ)လိုင်စင်လာရောက်ပြုလုပ်ထားသူ ၃၉၂၀၄ဦး ရှိကြောင်း အဆိုပါဌာန၏ မှတ်တမ်းများအရသိရသည်။

Comments
Post a Comment