ကချင်ပြည်နယ်တွင် ၉လအတွင်း လူသတ်မှု ၅၀ကျော်ရှိ၊ ဖြစ်ပွားမှုများလာ
ကချင်ပြည်နယ်တွင် ၉လအတွင်း လူသတ်မှု ၅၀ကျော်ရှိ၊ ဖြစ်ပွားမှုများလာ
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၃
- ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉လအတွင်း လူသတ်မှု ၅၇မှုရှိ၍ ယခင်နှစ်များထက် ဖြစ်ပွားမှုနှုန်းများလာကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မှတ်တမ်းများအရ သိရသည်။
- ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းခရိုင်နှင့် မြစ်ကြီးနားခရိုင်တွင် လူသတ်မှု ဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပြီး အများစုမှာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်း မဟုတ်ဘဲ ရုတ်တရက်ကျူးလွန်ခြင်းနှင့် အရက်သေစာ သောက်စား၍ ကျူးလွန်မိခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။
- “ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေကတော့ ရည်ရွယ်ချက်ရှိရှိ သတ်တာရှားတယ် ရုတ်တရက်ဖြစ်တဲ့ ဒေါသကို မထိန်းနိုင်တာတို့ အရက်သောက်ထားလို့ မဆင်မခြင် သတ်မိတာတို့ ဖြစ်တာများတယ်” ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်ကပြောသည်။
- ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်း လူသတ်မှုများလာခြင်းသည် အဓိကအားဖြင့် ဒေသအတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းနှင့် ပြည်နယ်ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကြောင့် ဖြစ်နိုင်ချေရှိကြောင်း ဝိုင်းမော်မြို့နယ် အထက်တန်းရှေ့နေ ဦးဂဲနက်စ်က မှတ်ချက် ပြုသည်။
- “ကျွန်တော့အထင် သုံးသပ်ရရင် လူသတ်မှုတွေ တိုးလာတယ် ဆိုတာ အဓိကက တရားဥပဒေ စိုးမိုးမှုအားနည်းတာရယ် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတာနဲ့ ဆိုင်မယ်ထင်တယ်” ဟု ဦးဂဲနက်စ်က ပြောသည်။
- တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ယခုနှစ် ၂၀၁၇ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့သော လူသတ်မှု ၅၇မှု တရားခံပေါ်၍ တရားစွဲတင်သည့် အမှု ၃၀မှု ရှိကြောင်းနှင့် ကျန်ရှိသည့် အမှုများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လူသတ်မှု ၅၇မှု ဖြစ်ပွားကာ ၂၀၁၆တစ်နှစ်လုံးတွင် ၅၁မှု၊ ၂၀၁၅တွင် ၄၈မှုနှင့် ၂၀၁၄တွင် ၅၇မှု ဖြစ်ပွားခဲ့သည်။
မီးမီး

Comments
Post a Comment