မြစ်ကြီးနား၌သားအမိနှစ်ဦးအသတ်ခံရ၊ ပစ္စည်းရလိုမှုကြောင့်ဟုဆို
မြစ်ကြီးနား၌သားအမိနှစ်ဦးအသတ်ခံရ၊ ပစ္စည်းရလိုမှုကြောင့်ဟုဆို
EPN
မြစ်ကြီးနား၊ အောက်တိုဘာ၁၄
- မြစ်ကြီးနား၌ သားအမိနှစ်ယောက်သည် အိမ်တွင် သတ်ဖြတ်ခံရပြီး ယင်းအသတ်ခံရမှုမှာ ပစ္စည်းရလိုမှုကြောင့် အသတ်ခံရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။
- မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ၄ တောင်သူကြီးလမ်း အမှတ် (၄၁၄)တွင် အောက်တိုဘာ၁၃ရက် ညနေ ၄နာရီခွဲ အချိန်ခန့်တွင် ဒေါ်ခင်မြင်(၇၅)နှစ်မှာ ဓားထိုးသွင်းဒဏ်ရာ ၁၃ချက်နှင့် ဒေါ်ခင်မြင့်၏သမီး ဒေါ်ခင်စန်းရီ ၅၁နှစ်မှာ ဓားထိုးသွင်းဒဏ်ရာ ၆ချက်ဖြင့် ၎င်းတို့၏ နေအိမ်ထဲ၌ အသတ်ခံခဲ့ရကြောင်း နယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
- “ကျွန်တော်တို့ သုံးသပ်ချက်အရတော့ ဒီအမှုက ပစ္စည်းလိုချင်လို့ လုပ်တာဖြစ်တယ် လူကိုလဲ အငြိုးအတေးတော့ ရှိချင်ရှိနိုင်ပါတယ်။ သို့သော် အထဲမှာ မွှေနှောက်ရှာဖွေထားတဲ့ အနေအထားလဲ တွေ့တယ် ပစ္စည်းက ရှာတော့ရှာတယ် မတွေ့သွားတဲ့ သဘောပါ။ဒီအိမ်က ခိုင်ခံ့လုံခြုံတဲ့အိမ်ပါ အိမ်ကိုဝင်ထွက်နေကျ မင်္သကာစရာ လူတစ်ယောက်တော့ ရှိတယ် လောလောဆယ်တော့ ပြောလို့ မရသေးဘူး” ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။
- အခင်းဖြစ်ပွားချိန်သည် မိုးရွာနေပြီး ပတ်ဝန်းကျင်မှတိတ်ဆိတ်နေပြီး နေအိမ်တွင် အစောင့် အရှောက် နည်းပါးခြင်းနှင့် အမျိုးသမီးများသာ ရှိနေသည်ကို အခွင့်ကောင်းယူ၍ ပြစ်မှုကျုးလွန်သူမှ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခြင်း ဖြစ်သည် ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။
- “အိမ်ရှေ့ကအဖွားက ကျွန်မအပြင်ကပြန်လာတော့ ပြောတယ် ဒီအိမ်ကိုသူလာတော့ လူတွေမရှိဘဲ တီဘီအကျယ်ကြီးဖွင့်ထားတယ်တဲ့ အဲ့တာနဲ့ ကျွန်မလည်း တံခါးဖွင့်ပြီး ဝင်လာပြီး ရှာကြည့်တော့ ရေချိုးခန်းအရှေ့မှာ အဖွားကို သေနေတာတွေ့တာပါ” ဟုအခင်းဖြစ်မှုကို စတင်တွေ့ရှိသူ မယဉ်မော်ကပြောသည်။
- အဆိုပါ အခင်းဖြစ်ပွားရာနေအိမ်တွင်သေဆုံးသူ၂ဦးအပါအ၀င် မိသားစုဝင် ၃ဦးနှင့် ၎င်းတို့အိမ်၏ နောက်ဖေးဘက်တွင် နှစ်၂၀ခန့် ကြာပြီဖြစ်သော အိမ်ငှားနေထိုင်သူ မယဉ်မော်တို့သားအမိရှိ၍ စုစုပေါင်း ၅ဦး နေထိုင်ကြကြောင်း မယဉ်မော်၏ ပြောပြချက်အရ သိရသည်။
- ယင်းဖြစ်စဉ်ကို နယ်မြေရဲစခန်းတွင် ဦးမြင့်ဦးတရားလိုပြုလုပ်၍ အမှုအမှတ်(ပ)၂၁၅/၂၀၁၇ ၊ဥပဒေပုဒ်မ(၃၀၂)(လူသတ်မှု)ဖြင့်အမှုဖွင့်ပြီး အမှုစစ်စခန်းမှုး ဒုရဲမှူးသိန်းဇော်နှင့် နယ်မြေစခန်းမှ ဒုရဲအုပ်များ ပူးပေါင်း၍ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။





Comments
Post a Comment