ကေအိုင်အေမှ အသက်မပြည့်သော ကလေးနှင့် ကျောင်းသားပါမကျန် စုဆောင်းရေးဆွဲ
ကေအိုင်အေမှ အသက်မပြည့်သော ကလေးနှင့် ကျောင်းသားပါမကျန် စုဆောင်းရေးဆွဲ
EPN
ဝိုင်းမော် အောက်တိုဘာ ၇
- ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကောင်းခန်းကျေးရွာတွင် အောက်တိုဘာလ(၄) ရက် ည (၉)နာရီ ခန့်တွင် ကေအိုင်အေမှ အသက်မပြည့်သောကလေးနှင့် ကျောင်းသားပါမကျန်စုဆောင်းရေးဆွဲသွားကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(SEA)မှသိရသည်။
- ဝိုင်းမော်မြို့နယ် ကောင်းခန်းကျေးရွာရှိ ကောင်းခန်းဘုန်းကြီးကျောင်းသို့ ရှမ်းရိုးရာလုပ်အား ပေးသွားရောက်၍ မိမိတို့၏နေအိမ်သို့ အပြန်လမ်း၌ အပျိုလူပျို (၆)ဦးအား ကေအိုင်အေမှ စုဆောင်းရေးဆွဲ ရာ အသက်မပြည့်သော ကလေးနှင့်ကျောင်းသားပါသွားခြင်းဖြစ်သည်။
- "သီတင်းကျွတ်အဖိတ်နေ့ ည(၉)နာရီလောက်မှာ ကေအိုင်အေက ကောင်းခန်းဘုန်းတော်ကြီး ကျောင်းမှာ အပျိုလူပျိုတွေ လုပ်အားပေးပြီးအပြန် စုဆောင်းရေးဝင်ဆွဲတယ် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်၊ မိန်းကလေးတစ်ယောက်ပေါင်း (၆)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ တစ်ယောက်တော့ ထွက်ပြေးလွတ်မြောက်လာတယ်" ဟု ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(SEA)မှ အတွင်းရေးမှူး ဦးစိုင်းထွန်းရင်းက ပြောသည်။
- အဆိုပါ ကောင်းခန်းကျေးရွာ ကောင်းခန်းဘုန်းတော်ကြီးကျောင်းတွင် ရှမ်းရိုးရာဖြင့် သီတင်းကျွတ် အဖိတ်နေ့ တံခွန်တိုင်ထူရန်နှင့် သစ်သီးဆွမ်းအလှပြင်ခြင်း၊ ဝေယျာဝစ္စများ ပြုလုပ်ပြီး၍ မိမိတို့၏နေအိမ်သို့ အပြန် လမ်းတွင် ကေအိုင်အေအဖွဲ့မှ စုဆောင်းရေး ဆွဲသွားခြင်းဖြစ်သည်။
- "ကေအိုင်အေက ညမှာစုဆောင်းရေးဆွဲတာ။ ဆိုင်လော်ကျေးရွာအုပ်စုမှ (၂)ဦးနှင့် ကောင်းခန်း ကျေးရွာအုပ်စုမှ (၄)ဦးပေါင်း(၆)ဦးပါသွားတယ်။ တစ်ယောက်တော့ ထွက်ပြေးလွတ်မြောက်လာပြီး (၅)ဦး ကျန်ရှိနေသေး" ဟု အမည်မဖော်လိုသော ဆိုင်လော်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး ပြောသည်။
- ကောင်းခန်းကျေးရွာ ကောင်းခန်းဘုန်းတော်ကြီးကျောင်း ဇရပ်တွင် လုပ်အားပေးသော ရှမ်းလူငယ် အပျိုလူပျိုအဖွဲ့အား အောက်တိုဘာ၎ရက်ည၌ ကေအိုင်အဖွဲ့မှ စုဆောင်းရေးဆွဲသွားရာ အဖ ဦးအားချင် သား စိုင်းပေါင်းအိမ် အသက်(17)နှစ် (၇)တန်းကျောင်းသား၊ အဖဦးအိုက်ဆမ့်သား စိုင်းရှောက်ပေါင်း အသက်(၁၇)နှစ်၊ အဖ ဦးအိုက်မြင့် သား စိုင်းထင်ဖ အသက်(30)နှစ်၊ အဖ ဦးအိုက်မြင့် သား စိုင်းရုန်းတောက် အသက်(27)နှစ်၊ အဖ ဦးဂွမ်အိမ် သမီးမနန်းဆောင်မောင်းဝ် အသက်(25)နှစ် (အပျိုခေါင်း)တို့ အပါအဝင်(၅)ဦး ကျန်ရှိနေသေးကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(SEA) မှ မှတ်တမ်းအရ သိရသည်။

Comments
Post a Comment